နေပြည်တော် ၂၂ ဒီဇင်ဘာ
၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်၍ ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းသော အလှကုန်ပစ္စည်းများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စနစ်တကျကွပ်ကဲလျက်ရှိပါသည်။
၂။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ပြည်တွင်း၌ ရောင်းချနေသည့် အလှကုန်ပစ္စည်းများကို စစ်ဆေးခဲ့ရာ အောက်ဖော်ပြပါ အလှကုန်ပစ္စည်း (၂၁) မျိုးသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ မှတ်တမ်းတင်ထားခြင်း မရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အများပြည်သူလူထု သုံးစွဲရန် မသင့်တော်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

၃။ တားမြစ်ဓာတုပစ္စည်းများသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူ အနီကွက်များဖြစ်ခြင်း၊ အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ပါသည်။ အရောင်ဆိုးဆေးများသည် အဝတ်အထည်များ အရောင်ဆိုးရာတွင် အသုံးပြုသောဓာတုပစ္စည်းဖြစ်၍ ရေရှည်သုံးစွဲပါကနှုတ်ခမ်း ကင်ဆာ၊ အစာအိမ်အူလမ်းကြောင်းကင်ဆာနှင့် ကျောက်ကပ်ရောဂါများ ဖြစ်ပွားနိုင်ပါသည်။
၄။ အလှကုန်ပစ္စည်းတင်သွင်း ဖြန့်ဖြူး၊ ရောင်းချသည့်ကုမ္ပဏီနှင့် လက်လီလက်ကားဆိုင်များသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိသော အများပြည်သူ သုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့် အလှကုန်ပစ္စည်းများ တင်သွင်းဖြန့်ဖြူး၊ ရောင်းချခြင်းများကို ကျင့်ဝတ် (Ethic) အရ လုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃)(ဃ)အရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး အပ်ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန


