သတ္တမအကြိမ်မြောက် တစ်သက်တာ ထုတ်ဝေသူဆု၊ အကောင်းဆုံးထုတ်ဝေသူဆုနှင့် အကောင်းဆုံး စာအုပ်အရောင်းဆိုင်ဆုများ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် ၈ ဇန်နဝါရီ 

မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း၏ သတ္တမအကြိမ်မြောက် တစ်သက်တာထုတ်ဝေသူဆု၊ အကောင်းဆုံးထုတ်ဝေသူဆုနှင့် အကောင်းဆုံးစာအုပ် အရောင်းဆိုင်ဆုများ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။

 

0059

 

အခမ်းအနားတွင် မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း ဥက္ကဋ္ဌ ဒေါ်နန်းကလျာဝင်းက ဒစ်ဂျစ်တယ်နည်းပညာများ ပိုမိုအားကောင်းလာသည့်အပြင် စာဖတ်ပရိသတ်များ၏ လိုချင်သည့်ပုံစံများလည်း ပြောင်းလဲလာပါကြောင်း၊ ပရိသတ်လိုချင်သည့် ပုံစံကို မည်သို့လုပ်ဆောင်ပေးရမည်ကို ထုတ်ဝေသူများနှင့် စာရေးဆရာများက နည်းမျိုးစုံနှင့် စဉ်းစားဆောင်ရွက်လာပါကြောင်း၊ နိုင်ငံတကာတွင် စာအုပ်တစ်အုပ်ထုတ်မည်ဆိုပါက ကလေးများအတွက်၊ ဆယ်ကျော်သက်များအတွက်၊ လူကြီးများအတွက် ပုံစံတစ်မျိုးစီ ရိုက်နှိပ်ထုတ်ဝေလာပါကြောင်း၊ အလားတူ စာပေဖြန့်ချိသော ပုံစံများသည် ပြောင်းလဲလာပါကြောင်း၊ ထို့ကြောင့် မိမိတို့အသင်းအနေဖြင့် နိုင်ငံတကာက လုပ်ဆောင်နေသည်များကို သင်တန်းများပေးခြင်း၊ ဗဟုသုတမျှဝေခြင်း စသည်ဖြင့် နိုင်ငံခြားသားပညာရှင်များ ခေါ်ယူပြီး ရန်ကုန်နှင့် မန္တလေးတို့တွင် မျှဝေသွားရန် အစီအစဉ်များရှိပါကြောင်း ပြောကြားသည်။

 

0066

 

ထို့နောက် မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း အတွင်းရေးမှူး ဦးသိမ်းစိုးက ဆုရွေးချယ်မှုပုံစံကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးထုတ်ဝေသူဆုကို သုခမိန်လှိုင်ရေးသားသည့်  “ဆေးမင်ကြောင် မဂ္ဂဇင်းကဗျာများ” စာအုပ်ဖြင့် နှစ်ကာလများစာပေ စာအုပ်တိုက်၊ ၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံး စာအုပ်အရောင်းဆိုင်ဆုကို စိတ်ကူးချိုချို စာအုပ်ဆိုင်(မန္တလေး)နှင့် ၂၀၁၉ ခုနှစ်အတွက် တစ်သက်တာထုတ်ဝေသူဆုကို စာပေလောကစာအုပ်တိုက်တို့ကို တာဝန်ရှိသူများက ဆုများပေးအပ်ကြပြီး ဆုရရှိသူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြသည်။ 

ဥမ္မာသန့်၊ ဇော်မင်းလတ်