သရက်  ၁၇  ဖေဖော်ဝါရီ 


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ တပ်ကျေးရွာအုပ်စု၊ တပ်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ကျေးရွာနေပြည်သူများနှင့် ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီတို့ ပူးပေါင်း၍ နေရောင်ခြည် စွမ်းအင်သုံး ဆိုလာအသေးစား ဓါတ်အားပေးစနစ်ဖြင့် အချိန်ပြည့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက် ပေးလျက်ရှိရာ ယခုအခါ ၇၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သရက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ 


ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက မဟာဓာတ်အားလိုင်းပြင်ပရှိ ကျေးရွာများ လျှပ်စစ်မီး ရရှိရေး အတွက် မဟာဓါတ်အားလိုင်းပြင်ပ အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP Off-Grid)အဖြစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သရက်မြို့နယ်၊ တပ်ကျေးရွာသည် အိမ်ခြေ(၂၃၄)၊ လူဦးရေ(၁၀၃၄) ရှိကာ မဟာဓါတ်အားလိုင်းနှင့် (၁၀)မိုင်နှင့်အထက် ဝေးကွေားပြီး လူမှုရေးခက်ခဲသည့် ကျေးရွာလေးတစ်ရွာ ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးရွာနေပြည်သူများနှင့် မန္တလေးရိုးမ ကုမ္ပဏီတို့ ပူးပေါင်းပြီး နေရောင်ခြည်စွမ်းအင်သုံး ဆိုလာအသေးစားဓါတ်အားပေးစနစ်ဖြင့် အချိန်ပြည့် လျှပ်စစ်မီး ရရှိရေး ဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်းတစ်ခုလုံး၏ ၇၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်းက ပြောပြသည်။


အဆိုပါ တပ်ကျေးရွာလျှပ်စစ်မီးရရှိရေးကို ကမ္ဘာ့ဘဏ်၊ (GIZ)တို့မှ နည်းပညာ ပံ့ပိုးပေးပြီး မဟာဓာတ်အားလိုင်းပြင်ပ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP Off-grid)ဖြင့် ဒေါ်လာ(၄၃၉၇၆၃) အကုန်ကျခံကာ ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေးဦးစီးဌာနမှ ထည့်ဝင်ငွေ ၆၀ ရာခိုင်နှုန်း၊ ပြည်သူထည့်ဝင်ငွေ ၂၀ ရာခိုင်နှုန်း၊ ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီမှ ထည့်ဝင်ငွေ ၂၀ ရာခိုင်နှုန်းဖြင့် ဆိုလာ ၁၀၈ ဒသမ ၈ ကီလိုဝပ်၊ ဂျင်နရေတာ ၄၈ ကီလိုဝပ် ဆိုလာ-ဒီဇယ် ပေါင်းစပ်စနစ် အမျိုးအစားကို မန္တလေးရိုးမကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါ ဆိုလာအသေးစားဓါတ်အားပေးစနစ် ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ(၁၉၄)၊ လူဦးရေ (၁၀၃၄)ဦး နှင့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း၊ စာသင်ကျောင်းတစ်ကျောင်းနှင့် ကျန်းမာရေးဆေးပေးခန်းတစ်ခု တို့အတွက်   ၂၄ နာရီ အချိန်ပြည့် လျှပ်စစ်ဓါတ်အားရရှိကာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ယခင်ကထက် ပိုမို ဆောင်ရွက်နိုင်တော့မှာဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။


သန်းလွင်(မကွေး)