Special Olympic Myanmar ဉာဏ်ရည်မသန်စွမ်း အားကစားအသင်းမှ ရွှေ(၂)၊ ငွေ(၃)၊ ကြေး(၂)ရရှိပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

ရန်ကုန် ၂၃ မတ်

UAE နိုင်ငံ ဒူဘိုင်းမြို့၌ မတ် ၈ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့သည့် Special Olympic World Games-2019 ပြိုင်ပွဲသို့ Special Olympic Myanmar ဉာဏ်ရည် မသန်စွမ်း အားကစားအသင်းမှ ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ်(၃)ခု၊ ကြေးတံဆိပ်(၂)ခုတို့ အသီးသီး အောင်မြင်မှုရရှိခဲ့ကြပြီး ယမန်နေ့ည ၇ နာရီက ဒူဘိုင်းမြို့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။

Special Olympic Myanmar ဉာဏ်ရည် မသန်စွမ်း အားကစားအသင်းမှ အဖွဲ့ခေါင်းဆောင်အဖြစ် ဦးစိန်ဝင်း၊ ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် မြန်မာနိုင်ငံဘိုးလင်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမျိုးအောင်၊ နည်းပြ(၃)ဦး၊ အားကစားသမား(၉)ဦးတို့ သွားရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ယင်းအဖွဲ့အား အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ဒုတိယကျောင်းအုပ်ကြီး ဦးဗလကျော်သူနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘိုးလင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ Special Olympic Myanmar အသင်းမှ ဆရာ၊ ဆရာမများ၊ မိဘဆွေမျိုးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

 

mdn

 

Special Olympic World Games ပြိုင်ပွဲသည် (၄)နှစ်တစ်ကြိမ် ကျင်းပတာဖြစ်ပြီး ယခုနှစ်ပြိုင်ပွဲတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံပေါင်း (၁၉၀)ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ Special Olympic Myanmar ဉာဏ်ရည်မသန်စွမ်း အားကစားအသင်းက ပြေးခုန်ပစ်၊ ဘိုးလင်း၊ ဘိုချီ အားကစားနည်း(၃)မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

 

mdn

 

အဆိုပါပြိုင်ပွဲများတွင် ပြေးခုန်ပစ် အားကစားနည်းမှ မီတာ(၁၀ဝ) လမ်းလျှောက်ပြိုင်ပွဲ၌ မစုနန္ဒာဝင်းက ရွှေတံဆိပ်(၁)ခု၊ မီတာ(၂၀ဝ) အပြေးပြိုင်ပွဲ၌ မောင်ထွန်းသာရာက ရွှေတံဆိပ်(၁)ခု၊ မီတာ(၁၀ဝ)နှင့် မီတာ(၂၀ဝ) အပြေးပြိုင်ပွဲ၌ မခင်လပြည့်က ငွေတံဆိပ်(၁)ခုစီအား လည်းကောင်း၊ မောင်သီဟ ကျော်ဆန်းက မီတာ(၂၅) အပြေးပြိုင်ပွဲတွင် ငွေတံဆိပ်(၁)ခုနှင့် မီတာ(၅၀)အပြေးပြိုင်ပွဲတွင် ကြေးတံဆိပ် (၁)ခုတို့အား လည်းကောင်း၊ ဘိုချီပြိုင်ပွဲ၌ မခိုင်ဇာသွယ်က ကြေးတံဆိပ် (၁)ခု၊ ဘိုးလင်းပြိုင်ပွဲ၌ မောင်ရဲဘုန်းမော်က အဆင့်(၄)နှင့် မသဇင်အေးက အဆင့်(၇) အလျားခုန်ပြိုင်ပွဲ၌ မစုနန္ဒဝင်းက အဆင့်(၅) မီတာ(၂၀ဝ)အပြေးပြိုင်ပွဲ၌ မအိမွန်ကျော်က အဆင့်(၆)နှင့် မီတာ(၁၀ဝ) အပြေးပြိုင်ပွဲ၌ မောင်ထူးအောင်ရဲရင့်က အဆင့်(၈)တို့ အသီးသီး ဆုတံဆိပ်များ ရယူအောင်မြင်မှုရရှိခဲ့ကြပြီး အဆိုပါပြိုင်ပွဲအားလုံးတို့အား အောင်နိုင်ဆုများကို ပထမဆုမှ သတ္တမဆု အဆင့်ထိ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အား/ကာ(ရန်ကုန်)

 

mdn