သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ရန်ကုန်မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

ရန်ကုန် မတ်  ၂၉

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ မတ် ၂၉ ရက် နံနက်ပိုင်းတွင် ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း မဟာသင်္ကြန်ရေသဘင်ပွဲတော်အတွက် ပြင်ဆင်ဆောင်ရွက်နေမှု၊ မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း ရေစုကန်ရေမြောင်း တူးဖော်နေမှု၊ သာကေတမြို့နယ်၊ ရှုခင်းသာလမ်းပေါ်ရှိ အမှတ်(၇) မြစ်ထွက်ပေါက် ရေစီးရေလာ ကောင်းမွန်ရေးဆောင်ရွက်နေမှု၊ အနော်မာရပ်ကွက်ရှိ တပ်ဖွဲ့လမ်းနှင့် တိုးချဲ့(၁)လမ်းအကြား သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်ရန်တို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထို့နောက် မြို့တော်ဝန်သည် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ e-Government Applied Training အမှတ်စဉ်(၁၄) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ပြီး သင်တန်းဆင်း အမှာစကားပြောကြားကာ ထူးချွန်ဆုများ ပေးအပ်သည်။ ယခုဖွင့်လှစ်ခဲ့သည့် e-Government Applied Training အမှတ်စဉ်(၁၄) သင်တန်းသို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှဌာနများနှင့် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးတို့မှ ဝန်ထမ်းသင်တန်းသား ၂၅ ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီ ၉ ရက်မှ မတ် ၂၉ ရက်အထိ ရက်သတ္တပတ် ခုနစ်ပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ မြို့တော်ဝန်သည် ကော်မတီဝင်များနှင့် ဌာနမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၈/၂၀၂၃)သို့ တက်ရောက်၍ လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

 

သတင်းစဉ်