မိတ္ထီလာ ၂၂ မေ
သနပ်ပင်မြို့နယ် ကသစ်ဝိုင်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေနှင့် ကျေးရွာလူထုမှ ထည့်ဝင်ငွေ တို့ဖြင့် ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးဖြစ်၍ ဒေသခံများ သွားလာရ အဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရေန်အတွက် မြစိမ်းရောင် စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေဖြင့် ကျေးရွာတစ်ရွာလျှင် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေကျပ်သိန်း (၃၀၀)ဖြင့် ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ၎င်းစီမံကိန်းဝင်ကျေးရွာများမှာ မြစိမ်းရောင်စီမံကိန်း အတိုးရငွေ၏ ၅၀ ရာခိုင်နှုန်းဖြင့် ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ထို့သို့အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိရာမှ ၂၀၁၅-၂၀၁၆ ခုနှစ်မှစတင်၍ မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်လျက်ရှိသည့် ကသစ်ဝိုင် ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အတိုးရငွေ ၅၀ ရာခိုင်နှုန်းမှ ငွေကျပ်သိန်း(၁၀၀)နှင့် ပြည်သူလူထု ထည့်ဝင်ငွေကျပ် (၅)သိန်းတို့ဖြင့် အရှည် ပေ ၁၅၀၆ ပေ၊ အကျယ် ၁၀ ပေ၊ ထု ၈ လက်မရှိ ကျေးရွာတွင်း လမ်းကို မတ်လ ၂၇ ရက်နေ့မှ စတင်၍ ဂဝံကျောက်ရောမြေခင်းခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ အဆိုပါလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ပြီးစီးပြီဖြစ်၍ ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေး သွားလာရအဆင်ပြေတော့မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးက ပြောကြားခဲ့သည်။
အဆိုပါ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေကို ယနေ့နံနက်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်အောင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


