သင်္ကြန်အပြီးကာလ မန္တလေးပဲဈေးကွက်တွင် အဖွင့်ဈေးကောင်းဖြင့် အရောင်းအဝယ်များ သွက်လက်စည်ကားလာ

မန္တလေး ၂၀  ဧပြီ

 

သင်္ကြန်အပြီးကာလဖြစ်သော ဧပြီ ၂၀ ရက်တွင် မန္တလေးပဲဈေးကွက်၌ အဖွင့်ဈေး ကောင်းမွန်ကာ ဝယ်လက်စုံ လာရောက်မှုဖြင့် အရောင်းအဝယ်များ ပြန်လည်သွက်လက် စည်ကားလာကြောင်း မန္တလေး ပဲကုန်သည်များထံမှ သိရသည်။

 

“အရင်နှစ်တွေက သင်္ကြန်အပြီးမှာ ဈေးကွက်က အေးစက်နေတတ်ပြီး အဖွင့်ဈေး ကောင်းလေ့ မရှိပေမယ့် ဒီနှစ်သင်္ကြန်အပြီးကတော့ ထူးထူးခြားခြား ပဲဈေးကွက် ဖွင့်ဖွင့်ချင်းနေ့မှာ အဖွင့်ဈေးတွေက သင်္ကြန်မတိုင်ခင် ဈေးထက်ပိုပြီး ကောင်းနေတဲ့အပြင် ရောင်းသူဝယ်သူ လူစုံတက်စုံနဲ့ သွက်လက် မြန်ဆန်နေတယ်” ဟု မန္တလေးမြို့မှ ဦးစိုးဝင်းမြင့် (စိုးဝင်းမြင့်ပွဲရုံ) က ပြောသည်။

 

မန္တလေးပဲဈေးကွက်တွင် သင်္ကြန်မတိုင်မီကာလက ပြည်ပသို့ အဓိက တင်ပို့ကုန်များဖြစ်သည့် ပဲစင်းငုံ မှာ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၈၅၀ဝ၀ နှုန်းဖြင့်လည်းကောင်း၊ မြေတောက်ပဲမှာ ကျပ် ၁၂၈၀ဝ၀ နှုန်းဖြင့်လည်းကောင်း၊ ပဲတီစိမ်းမှာ ကျပ် ၁၂၂၀ဝ၀ နှုန်းဖြင့်လည်းကောင်း၊ မြေပဲလုံးဆံမှာ တစ်ပိဿာလျှင် ကျပ် ၂၇၀ဝ နှုန်းဖြင့်လည်းကောင်း ပေါက်ဈေးရှိခဲ့ရာမှ သင်္ကြန်ကာလအပြီး ဧပြီ ၂၀ ရက်တွင် ပဲစင်းငုံမှာ ကျပ် ၉၁၀ဝ၀ နှုန်း၊ မြေတောက်ပဲမှာ ကျပ် ၁၃၀ဝ၀ဝ နှုန်း၊ ပဲတီစိမ်းမှာ ကျပ် ၁၂၅၀ဝ၀ နှုန်းနှင့် မြေပဲလုံးဆံမှာ တစ်ပိဿာလျှင် ၂၈၅၀ ကျပ်နှုန်းအထိ ဈေးမြင့်တက်လာကြောင်း သိရသည်။

 

ထို့အတူ မတ်ပဲ၊ ထောပတ်ပဲ၊ နှမ်းပြောင်းဖူးစေ့နှင့် ကုလားပဲ အုပ်စုဝင်များဖြစ်သည့် V2, V7 နှင့် ထိုင်ဝမ်ပဲတို့မှာ သင်္ကြန်မတိုင်မီ ဈေးနှုန်းများအတိုင်း ဆက်လက်အရောင်းအဝယ်ဖြစ်နေပြီး လက်ရှိ ဈေးကွက်အစတွင် သင်္ကြန်မတိုင်မီ ဈေးနှုန်းထက်ကျဆင်းသွားသော ပဲအမျိုးအစားများ မရှိသလောက် ဖြစ်ပေါ်နေကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။

 

ထို့ပြင် ယခင်နှစ်များက ဧပြီလအတွင်း ပုံမှန်ရွာသွန်းလေ့ရှိသည့် သင်္ကြန်မိုးသည်းထန်မှုကြောင့် တချို့အညာဒေသများတွင် သီးနှံပျက်စီးမှုများ ကြုံတွေ့ခဲ့ရသော်လည်း ယခုနှစ်တွင် အဆိုပါ သင်္ကြန်မိုးရွာသွန်းမှု မရှိခဲ့သဖြင့် သီးနှံပျက်စီးမှုနည်းပါးကာ အထွက်နှုန်း ပုံမှန်ထွက်ရှိနိုင်ကြောင်း သိရသည်။

 

အောင်ဖြိုးကျော်