သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရှမ်းပြည်နယ်ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၁၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် မတ် ၁၆ ရက်က ရှမ်းပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းသို့ ရောက်ရှိပြီး သင်တန်းသူများ၏ လက်တွေ့လေ့လာ သင်ယူနေမှုနှင့် စားရိပ်သာ၊ အိပ်ဆောင်များကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းပေးသည်။

ထို့နောက် တောင်ကြီးမြို့ သမဝါယမ စာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း၌ မဲခေါင်-လန်ချန်း စီမံကိန်းဆိုင်ရာ မွမ်းမံသင်တန်း တက်ရောက်နေသည့် ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ မြို့နယ်များမှ သမဝါယမ ဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းများ အပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို သမဝါယမစနစ်ဖြင့် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်၊ ပါတီနိုင်ငံရေး ကင်းရှင်းရန်နှင့် မိမိဘဝ တိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်ဆောင်ရွက်ကြရန် မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံး၌ ဒေသဦးစီးဥက္ကဋ္ဌ ဦးခွန်ရဲထွေး နှင့်တွေ့ဆုံ၍ သမဝါယမစနစ်ဖြင့် နွားနှင့်ဝက် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန်ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်နေသော ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ရုံးအဆောက်အအုံကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် ဒေသဦးစီး ဥက္ကဋ္ဌတို့သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်ခဲ့သော အရှည် ၂ ဒသမ ၁၇၆ ကီလိုမီတာရှိ ဟွေ့ရေခေါက်-ဒုံလိတန်-ဆီဟိုးလမ်း ကတ္တရာ ခင်းခြင်းလုပ်ငန်းကိုလည်းကောင်း၊ တောင်ကြီး-လွိုင်လင်လမ်း မိုင်တိုင်အမှတ် ၁၄၄ မှ ကျူခရိန်းကျေးရွာသို့ လမ်းပြုပြင်ဖောက်လုပ်ရေးနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မွေးမြူရေးဇုန် ပြုလုပ်မည့်နေရာကို လည်းကောင်း၊ ဟိုနားကျေးရွာ အိမ်သွယ်ရေတိုင်စနစ် ဆောင်ရွက်ပေးထားမှုနှင့် ပညာရေးဝန်ထမ်းများအတွက် အိမ်ရာဆောက်လုပ်ခြင်းလုပ်ငန်းကိုလည်းကောင်း၊ တောင်ကြီးမြို့နယ် ကက္ကူ(တောင်)‌ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း VDP ဖြင့် ဆောင်ရွက်ခဲ့သည့် ကျေးရွာတွင်းလမ်း ကတ္တရာခင်းခြင်း လုပ်ငန်းနှင့် ရေပေးရေးလုပ်ငန်းကို လည်းကောင်း၊ ကက္ကူ(အရှေ့)ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း VDP ဖြင့် ဆောင်ရွက်ခဲ့သည့် မူကြိုကျောင်းတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် နားဟီးကျေးရွာအုပ်စု ဟမ်းဆီးကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကျပ် သိန်း ၃၀၀ ကို တာဝန်ရှိသူများထံ ပေးအပ်ပြီး ပအိုဝ်းဒေသ ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် ငြိမ်းချမ်းရေးကို ထိန်းသိမ်းစောင့်ရှောက်ရန် ဆွေးနွေးပြောကြားကာ တောင်ကြီးမြို့နယ် ဖာမွန်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း VDP ရန်ပုံငွေ၊ ကျေးရွာမှ ထည့်ဝင်ငွေတို့ဖြင့် ပူးပေါင်းဆောင်ရွက် ခဲ့သည့် ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်ပြီးစီးမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

သတင်းစဉ်