သမ္မတထရမ့်နှင့် သမ္မတပူတင်တို့ ကိုဗစ်- ၁၉ အရေးနှင့် လက်နက်ထိန်းချုပ်ရေး ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

ဝါရှင်တန်  ၂၅   ဇူလိုင်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် ကိုဗစ်-၁၉ နှင့် လက်နက်ထိန်းချုပ်ရေး ကိစ္စရပ်များကို ဇူလိုင် ၂၃ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြကြောင်း အိမ်ဖြူတော်ပြောရေး ဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ခေါင်းဆောင် နှစ်ဦးတို့သည် ကမ္ဘာတစ်ဝန်း၌ စီးပွားရေးပြန်လည် ဖွင့်လှစ်မှုများ လုပ်ဆောင်နေချိန် ကိုဗစ်-၁၉ ကပ်ရောဂါကို တိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ တရုတ်နိုင်ငံ၊ ရုရှားနှင့် အမေရိကန် ပြည်ထောင်စုတို့အကြား ကုန်ကျစရိတ်ကြီးမားသည့် လက်နက်ပြိုင်ဆိုင်မှုတစ်ရပ် မဖြစ်စေလိုကြောင်းနှင့် ဗီယင်နာ၌ ပြုလုပ်မည့် လက်နက်ထိန်းချုပ်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှု ကိစ္စရပ်များတွင် တိုးတက်ဖြစ်ထွန်းမှု ရှိရေး မျှော်လင့်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ အမေရိကန် ပြည်ထောင်စုနှင့် ရုရှားတို့သည် လက်နက်ထိန်းချုပ်ရေးနှင့် မဟာဗျူဟာမြောက် တည်ငြိမ် အေးချမ်းရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေး မှုများကို ပြီးခဲ့သည့်လက ဗီယင်နာ၌ ပြုလုပ်ခဲ့သည်။

သို့ရာတွင် မဟာဗျူဟာမြောက် လက်နက်လျှော့ချရေး သဘောတူ စာချုပ်သစ် အချိန်ထပ်တိုးရေးနှင့် ပတ်သက်၍ သိသာထင်ရှားသည့် တိုးတက်ဖြစ်ထွန်းမှု မရှိခဲ့ပေ။

ဝါရှင်တန်နှင့် မော်စကိုတို့သည် မဟာဗျူဟာမြောက် လက်နက်လျှော့ချရေး သဘောတူစာချုပ်သစ်ကို ၂၀၁၀ ပြည့်နှစ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

ယင်းသဘောတူ စာချုပ်အရ နျူကလီးယား ဒုံးကျည်ထိပ်ဖူးများနှင့် မဟာဗျူဟာမြောက် စစ်လက်နက် အရေအတွက်ကို လျှော့ချရန်ဖြစ်ပြီး နျူကလီးယားအင်အားကြီး နိုင်ငံနှစ်ခုအကြား ချုပ်ဆိုထားသည့် အဆိုပါ သဘောတူစာချုပ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင်သက်တမ်းကုန် ဆုံးမည်ဖြစ်ကြောင်း သိရသည်။

ဆင်ဟွာ