သမ္မတရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် ထရမ့် အကြံပြုပြောကြား

ဝါရှင်တန်   ၁ ဩဂုတ်

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် နိုဝင်ဘာလအတွင်း ကျင်းပမည့် သမ္မတရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန် ဇူလိုင် ၃၀ ရက်က အဆိုပြုခဲ့သည်။

ထိုသို့ ပြုလုပ်ရန် သမ္မတထရမ့်တွင် အာဏာမရှိသော်လည်း ရီပတ် ဘလစ်ကန်အမတ်များသည် ကိုဗစ်-၁၉ ကာလအတွင်း ဒီမိုကရက်တစ် ပြိုင်ဘက်ဖြစ်သူ ဂျိုးဘိုင်ဒင်နှင့် ရင်ဆိုင်ရာတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

စာတိုက်မှတစ်ဆင့် မဲပေးခြင်းသည် မဲလိမ်လည်မှုများကို ဦးတည်သွားစေနိုင်ပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲသည် သမိုင်းတွင် မသမာမှုအများဆုံးနှင့် မရေရာသည့် မဲပေးပွဲ ဖြစ်လာနိုင်သည်ဟု ထရမ့်က တွစ်တာပေါ်တွင် ရေးသားခဲ့သည်။ ထို့ပြင် အမေရိကန်သမိုင်းတွင် ရှက်စရာအကောင်းဆုံး မဲပေးပွဲ ဖြစ်လာနိုင်သည်၊ ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်သည်အထိ ရွေးကောက်ပွဲကို ရက်ရွှေ့မလား ဟုလည်း ထရမ့်က ရေးသားခဲ့သည်။ စာတိုက်မှ မဲပေးခြင်းကို သမ္မတထရမ့်က ဆန့်ကျင်ပြီး အများပြည်သူများ၏ ကျန်းမာရေးကို စိုးရိမ်သည့်အတွက် စာတိုက်မှ မဲပေးခြင်းကို ပြည်နယ် အများစုက စိတ်ပါဝင်စားလျက် ရှိသည်။

သမ္မတထရမ့်၏ ရွေးကောက်ပွဲ ‌ရွှေ့ဆိုင်းရန် အကြံပြုချက်မှာ ရီပက်ဗလစ်ကန်နှင့် ဒီမိုကရက်တစ် အဖွဲ့ဝင်များ၏ ကန့်ကွက်မှုကြောင့် လျင်မြန်စွာပင် ပျက်ပြယ်သွားခဲ့သည်။

တိုင်းပြည်အတွင်း ပြည်တွင်း စစ်ကာလ၊ စစ်ဖြစ်ပွားမှုနှင့် စီးပွားရေးကပ်များနှင့် ကြုံတွေ့စဉ်ကပင် ရွေးကောက်ပွဲကို အချိန်မီ ကျင်းပနိုင်ခဲ့သည်ဟု ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်ဖြစ်သူ မစ်ချ်မက်ကော်နယ်က ရုပ်သံအင်တာဗျူးတွင် ပြောကြားခဲ့သည်။

မည်သည့် အခြေအနေကိုမဆို ရင်ဆိုင်ဖြေရှင်းသွားမည် ဖြစ်ပြီး နိုဝင်ဘာ ၃ ရက်တွင် သတ်မှတ်ထား သည့်အတိုင်း ရွေးကောက်ပွဲကို ကျင်းပသွားမည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ တစ်ဦးတွင် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းနိုင်ရန် အာဏာမရှိဘဲ ယင်းကဲ့သို့ ဆုံးဖြတ်ချက်မှာ လွှတ်တော်နှင့်သာ သက်ဆိုင်သည်။

ကျိုဒိုနယူးစ်