ရီယိုဒီဂျနေးရိုး ဖေဖော်ဝါရီ ၈

 

အမေရိကန် ပြည်သူများသည် သမ္မတဒေါ်နယ်ထရမ့်ကို ရွေးကောက်တင်မြှောက်ခြင်းမှာ အမေရိကန် ပြည်ထောင်စုကိုသာ အုပ်ချုပ်စေရန်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းလုံးကို အုပ်စိုးရန်မဟုတ်ကြောင်း ဘရာဇီးသမ္မတ လူလာဒါ ဆေးဗားက ယမန်နေ့တွင် ပြောကြားသည်။

 

နိုင်ငံ၏ အရှေ့မြောက်ပိုင်းရှိ ဘာဟီရာပြည်နယ်အခြေစိုက် ရေဒီယိုအသံလွှင့်ဌာနနှစ်ခုနှင့် အင်တာဗျူးတစ်ခုတွင် ဘရာဇီးသမ္မတ လူလာဒါဆေးဗားက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ထို့ပြင် ဒေါ်နယ်ထရမ့်သည် ကမ္ဘာ့နိုင်ငံများနှင့်ဆက်ဆံရာတွင် ဒီမိုကရေစီစံနှုန်းများနှင့် ယဉ်ကျေးမှု သိက္ခာရှိခြင်းတို့ကို လေးစားလိုက်နာသင့်ကြောင်း ဂါဇာကမ်းမြောင်ဒေသမှ ပါလက်စတိုင်းများကို ရွှေ့ပြောင်းနေရာချထားရန် ဒေါ်နယ်ထရမ့်၏ ရည်ရွယ်ချက်အပေါ် ကိုးကားပြီး ဘရာဇီးသမ္မတ လူလာဒါဆေးဗား က ပြောကြားသည်။

 

ပါလက်စတိုင်းသားများကို တခြားနေရာသို့ ပြောင်းရွှေ့ပြီးနောက် အမေရိကန်အနေဖြင့် ဂါဇာကမ်းမြောင်ကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က သတင်းစာ ရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားခဲ့သည်။

 

အချို့သောနိုင်ငံများနှင့် ဒေသများကို သိမ်းပိုက်ရန်ရည်ရွယ်သည့် ဒေါ်နယ်ထရမ့်၏ ထုတ်ပြန်ချက်များသည် ရန်စမှုတစ်ခုသာဖြစ်ကြောင်း သမ္မတ လူလာဒါဆေးဗား က ပြောကြားခဲ့ကြောင်း သိရ သည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်