သမိုင်းဝင် မန်းရွှေစက်တော်ဘုရားကြီး၌ တပေါင်းလပြည့်နေ့တွင် ဘုရားဖူးပြည်သူများဖြင့် စည်ကား

မင်းဘူး မတ် ၁၇

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် သမိုင်းဝင် မန်းရွှေစက်တော်ဘုရားကြီး၌ တပေါင်းလပြည့်နေ့ နေ့ထူးနေ့မြတ်ဖြစ်သော မြတ်ဗုဒ္ဓ ပြည်တော်ဝင် အခါတော်နေ့တွင် ဘုရားဖူးပြည်သူများဖြင့် စည်ကားခဲ့သည်။

 

မြန်မာလူမျိုးတို့၏ ရိုးရာဓလေ့တစ်ခုဖြစ်သည့် အခါကြီးရက်ကြီးများ၊ နေ့ထူးနေ့မြတ်များတွင် ဘုရား၊ ကျောင်းကန်၊ စေတီပုထိုးများသို့ ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးများ ကပ်လှူပူဇော်၍ စိတ်အေးချမ်းသာစွာ ဘုရားဖူးမြော်လေ့ရှိကြသည်။

 

မန်းရွှေစက်တော် ပါဒခြေတော်ရာ စေတီတော်များသည် မြတ်စွာဘုရားရှင်၏ သက္ကရာဇ် ၁၂၃ ခုနှစ်က ချထားတော်မူခဲ့သော ခြေတော်ရာ အစစ်ဖြစ်တော်မူသောကြောင့် သမိုင်းဝင် တန်ခိုးကြီးစေတီတော်များဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိပေသည်။

 

မင်းဘူးမြို့တွင် ရွှေစက်တော်ဘုရားကဲ့သို့ သမိုင်းဝင် စေတီတော်များနှင့် အထင်ကရနေရာများစွာရှိပြီး စက္ကိန်းတဲ စေတီတော်မြတ်ကြီး၊ ဓာတ်တော်ကုန်း စေတီတော်မြတ်ကြီး၊ ရှင်မင်းဘူး၊ ကြောင်လိန်၊ ရွှေမြင်တင်နှင့် သမုဒ္ဒဂီရိ မြစေတီတော်မြတ်ကြီးအပြင် နဂါးပွက်တောင်များမှာ ထင်ရှား၍ ရွှေစက်တော် ဘုရားပွဲတော်ရက်နှင့် အများပြည်သူ ရုံးပိတ်ရက်များတွင် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများဖြင့် စည်ကားလျက်ရှိကြသည်။

 

ဇေယျာထက်(မင်းဘူး)