သိန္နီမြို့နယ် နောင်အွန်ကျေးရွာတွင် ပဲပုတ်လုပ်ငန်းဖြင့် မိသားစုတစ်ပိုင်တစ်နိုင် အပိုဝင်ငွေရရှိ

သိန္နီ မေ ၂၅

 

ရှမ်းရိုးရာအစားအစာ တစ်မျိုးဖြစ်သော ပဲပုတ်ကို ရှမ်းပြည်နယ်၏ နေရာများများတွင် စိုက်ပျိုး၍ ဒေသထွက် ဟင်းအဖြစ် စားသုံးလျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ် နောင်အွန်ကျေးရွာတွင် ပဲပုတ်လုပ်ငန်းဖြင့် မိသားစု တစ်ပိုင်တစ်နိုင် လုပ်ကိုင်၍ သိန္နီမြို့မစျေးအတွင်း ရောင်းချခြင်း၊ ဒေသအတွင်း အော်ဒါယူသူများအား ပေးပို့ခြင်းဖြင့် ပဲပုတ်လုပ်ငန်းအား တွင်တွင်ကျယ်ကျယ် လုပ်ကိုင်လျက်ရှိသည်။

 

သိန္နီမြို့နယ် နောင်အွန်ကျေးရွာရှိ ဒေသခံများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းအပြင် အိမ်တွင်းလက်မှု လုပ်ငန်းဖြစ်သော ပဲပုတ်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိသော ဒေါ်ရွှေဟန်မိသားစုမှ ပဲပုတ်လုပ်ငန်းကို လွန်ခဲ့သော ၁၀ နှစ်ကျော်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ပဲပုတ်ပြုလုပ်ရာတွင် ဂျင်း၊ ငရုတ်သီး၊ ကြက်သွန်ဖြူတို့ကို အချိုးကျ ရောစပ်၍ ပြုလုပ်ခြင်း၊ ရိုးရိုးပဲပုတ် အခြောက်တစ်ပိဿာလျှင် ကျပ် ၆၀၀၀ နှင့်  အထူးအော်ဒါမှာယူသည့် ပဲပုတ်တစ်ပိဿာလျှင် ကျပ် ၈၀၀၀ အထိ ရောင်းချလျက်ရှိကြောင်း၊ ယခုရာသီတွင် အထူးအော်ဒါမှာယူသည့် ပဲပုတ်ကိုသာ အများဆုံး ပြုလုပ်ပေးနေရကြောင်း ပဲပုတ်လုပ်ငန်း လုပ်ကိုင်သူ ဒေါ်ရွှေဟန်မှ ပြောသည်။

 

ရှမ်းလူမျိုးတို့၏ အစားအစာဟင်းများတွင် ပဲပုတ်သည် မပါမဖြစ်သော ဟင်းခတ်တစ်မျိုးလည်း ဖြစ်သည်။ ယခုနှစ်ရာသီ ပဲပုတ်ပေါ်ချိန်တွင် ယခင်နှစ်များထက် စျေးကောင်းရရှိနေခြင်းကြောင့် ပဲပုတ်လုပ်ငန်း လုပ်ကိုင်နေသူများအနေဖြင့်လည်း ပဲပုတ်စျေးများ မြင့်တက်ရောင်းချလျက်ရှိကြောင်း ပဲပုတ်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်ရွှေဟန်ထံမှ သိရသည်။

 

စောဥမ္မာ(သိန္နီ)