သီတဂူစက္ခုဒါနဆေးရုံတွင် စောင့်ကြည့်ခံရသူများအားလုံး ကျန်းမာရေးကောင်းမွန်လျက် တရားဘာဝနာများ ပွားများလျက်ရှိ

အောင်လံ ၆  ဧပြီ 

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် Facility Quarantine များကို နေရာ(၃၀)တွင် ထားရှိဆောင်ရွက်လျက်ရှိရာ၊ ယခုအခါ အောင်လံမြို့ ရွာထောင်ရပ်ကွက်ရှိ သီတဂူစက္ခုဒါနဆေးရုံတွင် ပြည်တော်ပြန်(၄၂)ဦးတို့၏ ကျန်းမာရေး နေထိုင်စားသောက်ရေးတို့အပြင် တရားဘာဝနာများပွားများနိုင်ရေးတို့အတွက်ပါ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

အဆိုပါ စက္ခုဒါနဆေးရုံတွင်   တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့၏ အနီးကပ်ကြီးကြပ်မှုဖြင့်   မြို့နယ်ဆရာဝန်ကြီးနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊  မိမိဆန္ဒအလျှောက်  လာရောက်ပံ့ပိုးကူညီသူများ၊ စေတနာရှင်လုပ်သား ပြည်သူများ၏ ပံ့ပိုးကူညီမှုတို့ဖြင့် စဉ်ဆက်မပြတ် ကျန်းမာရေးစစ်ဆေးခြင်းနှင့်စားသောက် နေထိုင်မှုများအတွက် အဘက်ဘက်မှ ဝိုင်းဝန်းဆောင်ရွက်လျှက်ရှိကြပြီး ညစဉ် ၉ နာရီမှ ၁၀ နာရီအထိ သီတဂူစက္ခုဒါနဆေးရုံ တာဝန်ခံဆရာတော်မှ တရားချီးမြှင့်ခြင်း၊  တရားရှုမှတ်တရားထိုင်စေခြင်းများကို ဆောင်ရွက်ပေးလျှက်ရှိကြောင်းနှင့်    စောင့်ကြည့်ခံရသူများအားလုံး ရောဂါကင်းစင်ပြီး ကျန်းမာရွှင်လန်းလျက်ရှိကြကြောင်း တာဝန်ခံဆရာတော် ဦးဇောတိကထံမှ သိရသည်။    

မျိုးသိန်း(ပြန်/ဆက်)