သီရိလင်္ကာနိုင်ငံမှ မြန်မာနိုင်ငံရှိ အခြေခံစားသောက်ကုန်ပစ္စည်း ၁၀ မျိုးအား ဝယ်ယူလိုကြောင်း ကမ်းလှမ်းမှုများ ရှိလာ

မန္တလေး ၂ မေ

 

သီရိလင်္ကာနိုင်ငံအစိုးရမှ မြန်မာနိုင်ငံမှထွက်ရှိသည့် အခြေခံစားသောက်ကုန်ပစ္စည်း ၁၀ မျိုးအား ဝယ်ယူလိုသည်ဟု ကမ်းလှမ်းမှုများရှိလာကြောင်း ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ သိရသည်။

 

သီရိလင်္ကာနိုင်ငံမှ မြန်မာနိုင်ငံမှ ထွက်ရှိသည့် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ပဲနီလေး၊ ကြက်သွန်နီ၊ ငါးသေတ္တာ၊ နံနံပင်၊ ကြက်သွန်ဖြူ၊ ပဲတီစိမ်း၊ ငါးပြား၊ ငရုတ်သီးခြောက်၊ ပဲလွန်းနှင့် ကုလားပဲများကို ဝယ်ယူရန် ဧပြီ ၂၉ ရက်က အကြောင်းကြား ကမ်းလှမ်းလာခြင်းဖြစ်ကြောင်း ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးသူက ပြောသည်။

 

“ကျွန်တော်တို့နိုင်ငံကထွက်တဲ့ စားသောက်ကုန်ပစ္စည်းတွေကို ဝယ်ယူလိုတဲ့အကြောင်း သံရုံးအချင်းချင်း ချိတ်ဆက်ပြီး အကြောင်းကြားလာတာပါ။ အရေအတွက် ဘယ်လောက်ဝယ်မယ်ဆိုတာတော့ မသိသေးပါဘူး။ သူတို့ဝယ်လိုတဲ့အထဲမှာ ကြက်သွန်၊ ပဲနဲ့ ငရုတ်တွေလည်းပါတဲ့အတွက် ဒီသီးနှံတွေကတော့ ရောင်းမယ်ဆိုရင် တင်ပို့နိုင်တဲ့အနေအထားမှာ ရှိပါတယ်။ သူတို့ကမ်းလှမ်းချက်အတိုင်း ရောင်းကြည့်စေချင်ပါတယ်။ ကျွန်တော်တို့ဘက်မှာလည်း ရောင်းချင်တဲ့သူတွေက ပြောနေကြတာတွေ ရှိပါတယ်။ သူတို့ဘက်က ဝယ်ယူဖို့အကြောင်းကြားလာရင် ရန်ကုန်မှာရှိတဲ့ ကျွန်တော်တို့ဌာနက ဒုတိယညွှန်ကြားရေးမှူးတွေက သူတို့နိုင်ငံမှာရှိတဲ့ စီးပွားရေးသံမှူးတွေနဲ့ ချိတ်ဆက်ပေးပြီး အရောင်းအဝယ်ဖြစ်အောင် စီစဉ်ပေးမှာပါ။ လောလောဆယ် ကျွန်တော်တို့ ပြည်တွင်းမှာလည်း ကြက်သွန်ဈေးနှုန်းတွေက အတော်လေး ကျဆင်းနေပါတယ်။ မနှစ်ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဝယ်ယူတဲ့အတွက် ကြက်သွန်ဈေးနှုန်းတွေ မြင့်တက်လာပေမယ့် ပုံမှန်ဈေးကွက်တော့ မဟုတ်ခဲ့ပါဘူး။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်ပဲဖြစ်ဖြစ်၊ သီရိလင်္ကာနိုင်ငံပဲဖြစ်ဖြစ် ပုံမှန်ဈေးကွက်ရရှိအောင် တင်ပို့ရောင်းချသင့်တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ဌာနကလည်း အတတ်နိုင်ဆုံး ဈေးကွက်ချဲ့ထွင်နိုင်အောင် ဆောင်ရွက်ပေးမှာပါ”ဟု ၎င်းက ပြောသည်။

 

သီရိလင်္ကာနိုင်ငံမှ အခြေခံစားသောက်ကုန် ၁၀ မျိုးဝယ်ယူရန် ကမ်းလှမ်းမှုနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး စားဖိုဆောင် သီးနှံစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးဇော်မျိုးဦးကလည်း “လက်ရှိ ပြည်တွင်းမှာ ကြက်သွန်နီဈေးနှုန်းကလည်း တစ်ပိဿာကို ၄၀၀ ကျပ် ဝန်းကျင်လောက်နဲ့ အနိမ့်ဆုံးဈေးကို ရောက်နေတယ်။ ပြည်ပနိုင်ငံတွေက ဝယ်ယူမှုတွေရှိလာမှ ထူထူထောင်ထောင်ဖြစ်လာမှာပါ။ အခုတော့ သီရိလင်္ကာနိုင်ငံက ဝယ်ယူမယ်ဆိုတဲ့အကြောင်းကို စီးပွားကူးသန်းကပဲ သတင်းပေးတာ ရှိပါသေးတယ်။ ဘယ်လိုပုံစံနဲ့ ဝယ်ယူမယ်ဆိုတာတော့ မသိသေးပါဘူး။ အခုလို ဝယ်ယူဖို့ ကမ်းလှမ်းတာကို ကြိုဆိုပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ရောင်းချင်နေပါတယ်”ဟု ပြောသည်။

 

အဆိုပါ သီရိလင်္ကာနိုင်ငံသည် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံကုန်သွယ်မှုများအဖြစ် လွန်ခဲ့သည့် သုံးနှစ်ခန့်က ဆန်တန်ချိန် တစ်သိန်းခန့်ဝယ်ယူမှုများ ရှိခဲ့ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)