ကင်ဘာရာ နိုဝင်ဘာ ၇
သြစတြေးလျနိုင်ငံ၌ အသက် ၁၆ နှစ်အောက်ကလေးငယ်များ ဆိုရှယ် မီဒီယာအသုံးပြုခွင့်ကို တားမြစ်ပိတ်ပင် မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘားနိစ်က ယနေ့ပြောကြားသည်။ ဆိုရှယ်မီဒီယာ အသုံးပြုခွင့်အတွက် အနည်းဆုံး အသက် ၁၆ နှစ် ပြည့်မီရ မည်ဆိုသည့် အသက်ကန့်သတ်ချက်ကို ဥပဒေတစ်ရပ်ပြဋ္ဌာန်းသွားမည်ဖြစ်ကြောင်း အယ်လ်ဘားနိစ်က ဆက်လက် ပြောကြားသည်။
ယင်းသို့ ဆိုရှယ်မီဒီယာအသုံးပြုခွင့်ကို ကလေးများအား ပိတ်ပင်ရခြင်းမှာ ဆိုရှယ်မီဒီယာသည် ကလေးများအတွက် အန္တရာယ်ရှိခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ပြောသည်။ ထို့ပြင် ဥပဒေပြဋ္ဌာန်းပြီးပါက အသက်မပြည့်မီသည့် ကလေးများကို အွန်လိုင်းပလက်ဖောင်း ဝင်ရောက်ရန်ခွင့်ပြုသည့် မည်သည့် ဆိုရှယ်မီဒီယာကိုမဆို ဥပဒေနှင့်အညီ ပြစ်ဒဏ်ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
သို့သော် အဆိုပါအွန်လိုင်းပလက်ဖောင်းသို့ ဝင်ရောက်ရန်ကြိုးပမ်းသည့် ကလေးနှင့် ၎င်း၏မိဘသို့မဟုတ် အုပ်ထိန်းသူများကို ပြစ်ဒဏ်ချမှတ်မည် မဟုတ်ပေ။ အဆိုပါဥပဒေကို လွှတ်တော်က အတည်ပြုပြီးနောက် ၁၂ လအကြာတွင် စတင်အသက်ဝင်မည်ဖြစ်ပြီး အစိုးရ၏ ဘေးကင်းရေးကော်မရှင်နာရုံးက တာဝန် ယူစီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘားနိစ်သည် ယင်းဥပဒေပြဋ္ဌာန်းရေးနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည့် အထူးအစည်းအဝေးတွင် ပြည်နယ်နှင့် နယ်မြေခေါင်းဆောင်များနှင့် ဆွေးနွေးမည်ဖြစ်သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်