ထားဝယ် ဇွန် ၇
တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ထားဝယ်ခရိုင် အတွင်းရှိ အကျိုးဆောင်တောင်သူများအား သဘာဝမြေဩဇာ၊ ကော်ဖီပျိုးပင်များ ပေးအပ်ခြင်းနှင့် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့နယ် အမှတ်(၄)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ မိုးစပါးစိုက်ခင်း၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးဇော်နိုင်ဦး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ထားဝယ်ခရိုင်အတွင်းရှိ တောင်သူများအား သဘာဝမြေသြဇာအိတ် ၅၀ ၊ ကော်ဖီပျိုးပင် ၄၀၀၀ ပေးအပ် ပြီး ကွင်းအတွင်းပြသထားသည့် သီးနှံကာကွယ်ရေးပြခန်း၊ မျိုးစေ့ ပြခန်း၊ မြေအသုံးချပြခန်းနှင့် သီးနှံ စွန့်ပစ်ပစ္စည်းများအား ဘိုင်အိုခြာ ပြုလုပ်သုံးစွဲနည်း ကွင်းသရုပ်ပြပွဲ၊ မြေဆွေးပုံပြုလုပ်နည်း သရုပ်ပြပွဲ၊ စိုက်ခင်းအတွင်း ပျိုးထောင်ထားရှိသော ကိုကိုးပင်၊ ကော်ဖီပင်၊ ငှက်ပျောပင်၊ ဟင်းသီးဟင်းရွက်များနှင့် သီးနှံပင်များ၊ ဥစားကြက်၊ ဝက်နှင့် ဆိတ်မွေးမြူရေးခြံများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)


