သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ်ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့်  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ  ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်   မေ    ၂၆

 

သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင်    လိုအပ်သည့်   ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ     ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက်   တပ်မတော်မှ   ကြိုတင် စုဖွဲ့စေလွှတ်ထားသည့်   ကူညီကယ်ဆယ်ရေးအဖွဲ့များသည်    နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များ၊     လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက် ပေးလျက်ရှိသည်။

 

ထိုသို့    ဆောင်ရွက်ပေးလျက်ရှိရာ   ယနေ့တွင်  ပုဏ္ဏားကျွန်းမြို့၌    ရောက်ရှိအခြေပြုလျက်ရှိသည့်  ကူညီကယ်ဆယ်ရေးအဖွဲ့များသည်     အဆိုပါမြို့ရှိ မြို့ဦးဘုန်းကြီးကျောင်းတွင်     လမ်းဘေးဝဲယာမှ လဲကျနေသော သစ်ကိုင်းများ    ခုတ်ထွင်ရှင်းလင်း ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

 

အလားတူ ရသေ့တောင်မြို့သို့ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ရသေ့တောင်မြို့ရှိ    ဒေသခံပြည်သူများအား  သောက်သုံးရေများ ဖြန့်ဝေပေးလျက်ရှိပြီး   လမ်းဘေးဝဲယာမှ   လဲကျနေသော  သစ်ကိုင်းများ   ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

 

အလားတူ  မောင်တောမြို့သို့ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည်   သုံးမိုင်  လူငယ်  ဖွံ့ဖြိုးရေး    ပရဟိတဂေဟာတွင်    ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ     ဆောင်ရွက်ပေးပြီး  သဘာဝဘေးဒဏ်ကြောင့် လဲကျနေသော သစ်ကိုင်းများကို  ခုတ်ထွင်ရှင်းလင်းခြင်းများ  ဆောင်ရွက်ပေး  ကာ ဆန်၊ ဆီ၊ ဆား၊ ပဲ စသော စားသောက်ဖွယ်ရာများ နှင့် လှူဖွယ်ပစ္စည်းများကို လှူဒါန်းသည်။

 

အလားတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည်      အဆိုပါမြို့ရှိ ဒေသခံပြည်သူများအား သောက်သုံးရေများ ဖြန့်ဝေပေးလျက်ရှိသည်။

 

ထို့ပြင် တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှု များအရ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊   ဆေးဝန်ထမ်းတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်မှ ဆေးတပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့် အထူး ဆေးကုသရေးအဖွဲ့သည်   စစ်တွေမြို့   ဆတ်ရိုးကျရပ်ကွက်၌    ယာယီဆေးရုံဖွင့်လှစ်၍    နယ်မြေခံ  ကျန်းမာရေးအဖွဲ့များနှင့်ပူးပေါင်းကာ ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။                                 သတင်းစဉ်