နေပြည်တော် ၁၃ နိုဝင်ဘာ
ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်၍ မွေးဖွားခဲ့သည့်အချိန်မှစ၍ ကျဆုံးသည့် အချိန်အထိတိုင် ကလေးဘဝ မူလတန်း၊ အလယ်တန်း ကျောင်းသားဘဝ၊ တက္ကသိုလ်ကျောင်းသားဘဝ၊ သခင်ဘဝ၊ လွတ်လပ်ရေး ကြိုးပမ်းမှုကာလ ဖြတ်သန်းလာခဲ့ရသော နိုင်ငံရေးသမားဘဝ၊ တပ်မတော်သားဘဝနှင့် ဖဆပလခေတ်နိုင်ငံရေး ကြိုးပမ်းမှုဘဝများကို ပုံစံအမျိုးမျိုးဖြင့် ရဟန်းရှင်လူ ပညာရှိများ ရေးသားထားခဲ့သည်မှာ အများအပြားပင် ရှိပါသည်။ ထိုမျှမက လွတ်လပ်ရေး ကြိုးပမ်းမှုကာလတစ်လျှောက် ပြောကြားခဲ့သော မိန့်ခွန်း များမှာလည်း များပြားလှပါသည်။ ပုံနှိပ်ထုတ်ဝေထားပြီးလည်း ဖြစ်ပါသည်။ ရှေ့ဆက်၍လည်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သော အကြောင်းအရာများကို မိမိတို့ ဖော်ပြလိုသော အဓိက အကြောင်းအရာကို ဇောင်းပေး၍ ရေးသားပြုစု ထုတ်ဝေကြဦးမည် ဖြစ်ပါသည်။
ယခုအခါ မြန်မာ့သမိုင်းအဖွဲ့မှ ပညာရှင်ကြီးများက ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိကို ငယ်ဘဝမှသည် ကျဆုံးရချိန်အထိ ဖြစ်ပျက်တွေ့ကြုံခဲ့သော အဖြစ်အပျက်များကို အသက်အပိုင်းအခြားအလိုက်၊ ခေတ်အပိုင်းအခြားအလိုက် ခွဲခြား၍ တာဝန်ယူကာ အဂတိကင်းစွာ သုတေသနပြုစုရေးသားခဲ့ကြပါသည်။ ခေတ်ပြိုင် အထောက်အထားမှတ်တမ်းများကိုသာမက ခေတ်ပြိုင်ဖြစ်သည့် သက်ရှိထင်ရှားလည်း ရှိနေသေးသော သမိုင်းဝင်ပုဂ္ဂိုလ်ကြီးများနှင့် တွေ့ဆုံ မေးမြန်း၍ ရရှိသော အချက်အလက်များကို ကိုးကားအသုံးပြု၍လည်း ရေးသားပြုစုခဲ့ကြပါသည်။ အခါခါ ပြန်ဖတ်၊ အခါခါ ဖြည့်စွက်၊ အခါခါ ပြုပြင်၍ ရေးသားပြီးခဲ့သော စာအုပ်တစ်အုပ်ဖြစ်ပါသည်။ အပြည့်စုံဆုံး အကောင်းဆုံးဟု မဆိုနိုင်သော်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ အကြောင်းနှင့် ပတ်သက်၍ကား အတော်အတန် ပြည့်စုံသော စာအုပ်ဖြစ်ပြီဟူ၍ကား ဆိုနိုင်ပါသည်။ သို့ပါ၍ ဤစာအုပ်ကို ဖတ်ရှုပြီး စာဖတ်သူ ရဟန်းရှင်လူ တို့အား လည်းကောင်း၊ ပြည်တွင်း ပြည်ပ ပညာရှင်သုတေသီအပေါင်း ဝေဖန် ဆန်းစစ်ကြပါဟု ပြောလိုပါသည်။ မြန်မာသမိုင်းအဖွဲ့၊ အဖွဲ့ဝင်သမိုင်း ပညာရှင်ကြီးများ ရေးသားပြုစုပြီး စာအုပ်ဖြစ်မြောက်ရေးအတွက် သမိုင်းသုတေသနဌာနမှ အရာထမ်း၊ အမှုထမ်းများ၏ ကြိုးပမ်းမှုတစ်ရပ်ဟု မှတ်ယူရပါသည်။ ထိုမျှမက မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကို လေ့လာသုတေသနပြုစုသူများ မလွဲမသွေ ဖတ်မှတ်ရမည့် စာအုပ်တစ်အုပ် ဖြစ်ပါကြောင်း တင်ပြလိုက်ပါသည်။
စာအုပ်ကို သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ နေပြည်တော်၊ ရုံးအမှတ် (၃၅)၊ ဖုန်း ၀၆၇-၄၀၈၃၈၄၊ အမျိုးသားစာကြည့်တိုက် (နေပြည်တော်)၊ ကုမုဒြာကြာပန်းဝိုင်းအနီး၊ ဖုန်း ၀၆၇-၄၁၈၄၂၆ နှင့် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမျိုးသားပြတိုက်ရှိ သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာန၊ ဖုန်း ၀၁-၃၉၅၁၉၀၊ ၃၉၅၁၉၂ တို့တွင် တန်ဖိုး ငွေကျပ် ၇ဝဝဝ ဖြင့် ဖြန့်ချိထားသည်။
သတင်းစဉ်


