နေပြည်တော်၊ ဧပြီ ၂၅
သာစည်မြို့နယ်နှင့် မူဆယ်မြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဧပြီ ၂၃ ရက် ည ၁၀ နာရီတွင် သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာအုပ်စု ကျွဲတပ်ဆုံ ကျေးရွာအနီးတွင် တောင်ကြီးမှ ရန်ကုန်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် မမြင့်မြင့်ခိုင် (ခ)မခိုင်ထံမှ စိတ်ကြွရူးသွပ် ဆေးပြား ၂၀,၀၀၀ (ဒေသတန်ဖိုးငွေကျပ် သိန်း ၃၀၀)ကိုလည်းကောင်း၊ အလားတူ ဧပြီ ၂၄ ရက် ညနေ ၄ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်တွင် ကျော်ဆန်းလင်း(ခ)အငဲ မောင်းနှင်ပြီး ဇော်ထက်(ခ)ငပိန် လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၂၀၀ (ဒေသတန်ဖိုးငွေကျပ် ၂၂ သိန်း) ကိုလည်းကောင်း သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)