ရုရှားတင်းနစ်အကျော်အမော် ဒန်နီယေးလ် မက်ဗီဒက်ဗ်သည် အင်ဒီးယန်းဝဲလ်စ်အမျိုးသား တစ်ဦးချင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ကမ္ဘာ့နံပါတ်တစ် စပိန်တင်းနစ်ကစားသမား ကားလို့စ် အယ်ကာရက်ဇ်ကို အံ့အားသင့်ဖွယ်အနိုင်ယူပြီး နောက်ဆုံးဗိုလ်လုပွဲသို့ ထိုက်ထိုက်တန်တန် တက်လှမ်းနိုင်ပြီဖြစ်သည်။
အယ်ကာရက်ဇ်သည် ယခုပြိုင်ပွဲမတိုင်မီ ယှဉ်ပြိုင်ကစားခဲ့သည့် ဩစတြေးလျအိုးပင်း၊ ကာတာအိုးပင်းပြိုင်ပွဲတို့တွင် ဖလားဆွတ်ခူးထားသူဖြစ်သည်။ မက်ဗီဒက်ဗ်သည် အယ်ကာရက်ဇ်ကို ၆-၃၊ ၇-၆ (၇-၃) ရလဒ်ဖြင့်နိုင်ပွဲရရှိကာ ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
၎င်းသည် ဗိုလ်လုပွဲတွင် ကမ္ဘာ့အဆင့် (၂) အီတလီတင်းနစ် အကျော်အမော် ဂျန်းနစ်ခ်ဆင်းနားနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ဂရင်းဆလမ်းချန်ပီယံ လေးကြိမ်ဆွတ်ခူးရရှိထားသည့် ဆင်းနားသည် ဆီမီးဖိုင်နယ်တွင် ဂျာမနီနာမည်ကြီး တင်းနစ်ကစားသမား အလက်ဇန္ဒြား ဇီဗာရက်ဇ်ကို ၆-၂၊ ၆-၄ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ဗိုလ်လုပွဲသို့ တက်လှမ်းလာသူဖြစ်သည်။
အသက် ၃၀ နှစ်အရွယ် မက်ဗီဒက်ဗ်သည် ဖေဖော်ဝါရီလက ကျင်းပခဲ့သည့် ဒူဘိုင်းတင်းနစ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဖလားဆွတ်ခူးထားသည်။
မိုးဇက်


