ရုရှားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဖစ်-၁၉ ရောဂါကူးစက်ခံရသူ လေးသောင်းကျော်ဖြင့် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားပြီးနောက်ပိုင်း ကူးစက်မှုအများဆုံးဖြင့် စံချိန်တင်

မော်စကို အောက်တိုဘာ ၃

ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၀၂၅၁ ဦးရှိခြင်းကြောင့် ရုရှား နိုင်ငံတွင်ကိုဗစ်-၁၉ရောဂါစတင်ဖြစ်ပွားပြီးနောက်ပိုင်း ကူးစက်မှုအများဆုံးဖြင့် စံချိန်တင်ခဲ့ကြောင်းနှင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၈၄၇၂၇၉၇ ဦးရှိလာကြောင်း ရုရှားနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါစောင့်ကြည့်ရေးနှင့် တုံ့ပြန်ရေး စင်တာ၏ ပြောကြားချက်အရ သိရသည်။

ရုရှားနိုင်ငံတစ်ဝန်း၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၁၆၀ ထပ်မံတွေ့ရှိသဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၂၃၇၃၈၀ ဦးရှိလာကြောင်း သိရသည်။

ထို့ပြင် ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၂၈၉၀၉ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသူစုစုပေါင်း ၇၃၃၁၄၂၄ ဦးရှိလာကြောင်း သိရသည်။ မြို့တော်မော်စကိုသည် ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု အများဆုံးဒေသဖြစ်ပြီး လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူ ၇၂၆၇ ဦးရှိခြင်းကြောင့် မြို့တော်တစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၈၀၉၇၈၈ ဦးရှိလာကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ ဘာသာပြန် - အလင်းသစ်