ရုရှားက အသံထက်မြန်သော ပြည်တွင်းဖြစ်ဒုံးကျည် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်

မော်စကို ဇူလိုင် ၂၀

 

အသံထက် မြန်သော Zircon ခရုဇ်ဒုံးကျည်သစ်တစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ရုရှား အစိုးရက ယမန်နေ့ကပြောကြားသည်။ ။

 

ရုရှားနိုင်ငံသည် အနောက်နိုင်ငံများနှင့် တင်းမာမှုကြီးထွားနေစဉ် အမေရိကန်နှင့် လက်နက် အားပြိုင်မှုတွင် ရုရှားအတွက် ထိရောက်မှုပေးမည်ဟု မျှော်လင့်ရသော ခေတ်မီစစ်လက်နက်များကို မကြာသေးမီနှစ်များမှစ၍ ထုတ်လုပ်လာခဲ့သည်။

 

ကာကွယ်ရေးဝန်ကြီးဌာနမှ ဖြန့်ဖြူးထားသည့် ဗီဒီယိုဖိုင်များတွင် အဆိုပါခရုဇ်ဒုံးကျည်ကို Admiral Gorshkov အမည်ရှိ ရုရှားစစ်သင်္ဘောပေါ်မှတစ်ဆင့် နိုင်ငံ၏ မြောက်ဘက် ဘာရင့်ကမ်းရိုးတန်းရှိ ပစ်မှတ် တစ်ခုကို ချိန်ရွယ်ပြီး ပစ်လွှတ်နေသည့်ပုံကို ပြသထားသည်။

 

အဆိုပါဒုံးကျည်သည် အသံထက်ခုနစ်ဆနီးပါး အမြန်နှုန်းဖြင့် ပျံသန်းကာ ကီလိုမီတာ ၃၅၀ ကျော်အကွာရှိ ပစ်မှတ်ကို အောင်မြင်စွာ ထိမှန်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။

 

ရုရှားနိုင်ငံလုပ် ဒုံးကျည်သစ်သည် ကီလိုမီတာ ၁၀၀၀ အကွာရှိ ရေပြင်နှင့် မြေပြင်ပစ်မှတ်များကို အသံထက် ၉ ဆ ခန့်အမြန်နှုန်းဖြင့် တိုက်ခိုက်နိုင်မည်ဖြစ်ကြောင်း ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ပြုလုပ်ခဲ့သည့် နိုင်ငံတော်မိန့်ခွန်းတစ်ရပ်တွင် ပူတင်က ထုတ်ဖော်ပြောကြားခဲ့သည်။

 

ရုရှားကာကွယ်ရေးဝန်ကြီးဌာနသည် စစ်သင်္ဘောများနှင့် ရေငုပ်သင်္ဘောများပေါ်တွင် Zircon များ တပ်ဆင်ထားရန် ရည်ရွယ်ထားသည်။ ။

 

ကိုးကား- အေအက်ဖ်ပီ၊ ဘာသာပြန်- ဂျေတီ