ရုရှားက အသံထက်မြန်သော ဒုံးကျည်များကို အောင်မြင်စွာ တစ်ပြိုင်တည်း စမ်းသပ်ပစ်လွှတ်

မော်စကို ဒီဇင်ဘာ ၂၆

 ရုရှားနိုင်ငံ၌ ဒီဇင်ဘာ ၂၄ ရက် အစောပိုင်းက အသံထက်မြန်သော Tsirkon အမည်ရှိ ပြည်တွင်းဖြစ် ဒုံးကျည်များအား တစ်ပြိုင်တည်းစမ်းသပ်ပစ်လွှတ်မှုကို အောင်မြင်စွာပြုလုပ်ခဲ့ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ကြေညာသည်။

အသံထက်မြန်သော ယင်းဒုံးကျည်များအား တစ်ပြိုင်တည်းစမ်းသပ်ပစ်လွှတ်မှုကို ဒီဇင်ဘာ ၂၄ ရက် နံနက်စောစောပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်ကောင်စီနှင့် သိပ္ပံနှင့်ပညာရေးဆိုင်ရာ ကောင်စီ၏ ပူးတွဲအစည်းအဝေးတစ်ရပ်တွင် သမ္မတပူတင်၏ ပြောကြားချက်ကို ကိုးကား၍ RIA နိုဗိုစတီးသတင်းအေဂျင်စီက ဖော်ပြထားသည်။

ယင်းဒုံးကျည်များအား တစ်ပြိုင်တည်းစမ်းသပ်ပစ်လွှတ်မှုကို ချွတ်ယွင်းချက်မရှိ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ယင်းကဲ့သို့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု အောင်မြင်စွာပြုလုပ်နိုင်ခြင်းဟာ ရုရှားနိုင်ငံအတွက် ကြီးမားသော လုပ်ဆောင်နိုင်မှု တစ်ခုဖြစ်သလို ရုရှားနိုင်ငံ၏လုံခြုံရေးနှင့် ကာကွယ်ရေးစွမ်းပကားတိုးမြှင့်ရေးအတွက် သိသာထင်ရှားသော ခြေလှမ်းတစ်ခုလည်းဖြစ်ကြောင်း ပူတင်က ပြောကြားသည်။

ထို့အပြင် ပူတင်သည် အသံထက်မြန်သော ဒုံးကျည်တည်ဆောက်ရေးကုမ္ပဏီများ၊ အင်ဂျင်နီယာများနှင့် ဒုံးကျည်ဒီဇိုင်းရေးဆွဲသူများအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလအစောပိုင်းက ပူတင်၏ ပြောကြားချက်အရ ဒုံးကျည်စမ်းသပ်မှု ပြီးခါနီးပြီဖြစ်၍ အကယ်၍ အပြီးသတ်ပါက လာမည့်နှစ်အတွင်း ယင်းဒုံးကျည်များကို ရုရှားရေတပ်တွင် တပ်ဆင်ပေးမည်ဖြစ်ကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-ဂျေတီ