ရုရှားအသင်းကို လူကာကူ၏ သွင်းဂိုးများဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည့် ဘယ်လ်ဂျီယံ

၁၄  ဇွန်

ယူရို ၂၀၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု (B) မှ နာမည်ကြီး ဘယ်လ်ဂျီယံအသင်းနှင့် ရုရှားအသင်းတို့ပွဲစဉ်ကို ဇွန် ၁၃ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ နာမည်ကြီး ဘယ်လ်ဂျီယံအသင်းက သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့သည်။

ရော်ဘတ်တိုမာတီနက်ဇ် တာဝန်ယူကိုင်တွယ်နေသည့် ဘယ်လ်ဂျီယံအသင်းသည် ယနေ့ပွဲစဉ်တွင် အားထားရသည့် ကော့တွိုက်စ်၊ အယ်ဒါဝီလ်ရယ်၊ ဘိုယာတာ၊ ဗာတွန်ဂန်၊ ကစ်တိဂ်၊ တိုင်လီမန်းစ်၊ ဟာဇက်၊ မာတင်စ်၊ လူကာကူ၊ ကာရက်စ်ကိုတို့ဖြင့် ပွဲထွက် လာခဲ့သည်။ ပြိုင်ဘက် ရုရှားအသင်းကလည်း ရှူနင်၊ ဇီရီကော့ဗ်၊ ဆီမီနာ့ဗ်၊ ဖာနန်ဒက်စ်၊ ဘာရီနာ့ဗ်၊ ဂိုလိုဗင်၊ ဒီဇူဘာစသည့် ကစားသမားများဖြင့် ဘယ်လ်ဂျီယံအသင်း ကို ရင်ဆိုင်လာခဲ့သည်။

အဖွင့်ပွဲစဉ်တွင် နှစ်သင်းစလုံးရလဒ်ကောင်းရရှိရန် အကောင်းဆုံး ပြင်ဆင်လာသည့်အတွက် ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည်။ ပွဲအစ ၁၀ မိနစ်တွင် ဘယ်လ်ဂျီယံအသင်း အဖွင့်ဂိုးရရှိခဲ့ပြီး မာတင်စ်၏ ဖန်တီးပေးမှုမှတစ်ဆင့် တိုက်စစ်မှူး လူကာကူက သွင်းယူပေးနိုင်ခဲ့သည်။ ဘယ်လ်ဂျီယံအသင်းကို အဖွင့်ဂိုးခွင့်ပြုပေးခဲ့ရပြီးနောက် ရုရှားအသင်းသည် ချေပဂိုးရရှိရေး ကြိုးစားလာခဲ့သော်လည်း တိုက်စစ် ပိုင်း အဆုံးသတ်မသေချာမှုကြောင့် ချေပဂိုးမရရှိခဲ့ပေ။ ပွဲချိန် ၃၄ မိနစ်တွင် ဘယ်လ်ဂျီယံအသင်း ဒုတိယဂိုးရရှိခဲ့ပြီး မူနီယာက သွင်းယူပေးနိုင်ခဲ့သည်။ ပထမပိုင်းတွင် ရုရှားအသင်းသည် ဘယ်လ်ဂျီယံအသင်းကို တုံ့ပြန်ကစားခဲ့သော်လည်း ချေပဂိုးများ ရရှိခဲ့ခြင်းမရှိဘဲ ဘယ်လ်ဂျီယံအသင်း၏ နှစ်ဂိုးပြတ် ဦးဆောင်မှုကို ခံခဲ့ရသည်။

ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင် ရုရှားအသင်းသည် ကစားကွက် အပြောင်းအလဲပြုလုပ်ကာ လူစားလဲမှုများ ပြုလုပ်လာခဲ့သည်။ သို့သော် လည်း ဘယ်လ်ဂျီယံအသင်းကသာ ဆက်လက်ဖိအားပေး ကစားနိုင်ခဲ့ သည်။ ဒုတိယပိုင်းပွဲချိန် ပြီးခါနီးတွင် ဘယ်လ်ဂျီယံအသင်း တတိယဂိုးရရှိခဲ့ပြီး တိုက်စစ်မှူး လူကာကူ က မူနီယာ၏ ဖန်တီးပေးမှုမှတစ်ဆင့် သွင်းယူပေးနိုင်ခဲ့သည်။ ဘယ်လ်ဂျီယံအသင်းသည် ယနေ့ပွဲစဉ်တွင် ရုရှားအသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့မှုကြောင့် အုပ်စု(B)တွင် ဖင်လန်အသင်းနှင့် ရမှတ်သုံးမှတ်တူ ဂိုးကွာခြားချက်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့သည်။

ဘယ်လ်ဂျီယံအသင်းသည် ယူရို ၂၀၂၀ ပြိုင်ပွဲ ပွဲစဉ်(၂)အဖြစ် ဒိန်းမတ်အသင်းနှင့် ဇွန် ၁၇ ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ရုရှားအသင်းက ဖင်လန်အသင်းနှင့် ဇွန် ၁၆ ရက်တွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

အခြားသောပွဲစဉ်များ၏ရလဒ်အဖြစ် ဝေးလ်နှင့် ဆွစ်ဇာလန်အသင်း တို့ပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီသရေကျကာ ဒိန်းမတ်နှင့်ဖင်လန်အသင်း တို့ပွဲစဉ်တွင် ဖင်လန်အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

အောင်ဇော်