ရတနာပုံဘဏ် (မန္တလေး)နှင့် စင်ကာပူနိုင်ငံအခြေစိုက် 2C2PCo,Ltdတို့ ပူးပေါင်း Mandalay Smart Pay ငွေပေးချေ စနစ်ဆောင်ရွက်

မန္တလေး ၂၆ ဖေဖော်ဝါရီ

 

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် ရတနာပုံဘဏ်နှင့် စင်ကာပူနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံသားပိုင် 2C2PCo,Ltd တို့ ပူးပေါင်း၍ ဖုန်းအသုံးပြု အွန်းလိုင်းမှ ငွေပေးချေစနစ်ကို အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည်။

 

မြို့တော်စည်ပင်သို့ ပေးဆောင်ရသည့်အိမ်ခွန်၊ မြေခွန်၊ မီးခွန်၊ ရေခွန်၊ အမှိုက်သိမ်းဆည်းခများကို နို့တစ်စာလာဝေသူအား Mobile transfer ဖြင့်ပေးချေနိုင်ရန် စီစဉ်ထားသည်။ 

 

လာမည့် မတ်လ ၁၄ ရက်တွင် ချမ်းမြသာစည်မြို့နယ် မန္တလေးကွန်ဗင်းရှင်းစင်တာတွင် လုပ်ငန်းဖွင့်ပွဲ ကျင်းပရန် စီစဉ်ထားပြီး ၂ လအတွင်း QC code ပါသော ငွေတောင်းခံသည့် နို့တစ်စာများ ထုတ်ပေးနိုင်ရန် စီစဉ်လျက်ရှိကာ QC code ကို scan လုပ်ပြီး စည်ပင်သို့ပေးသွင်းရန် ငွေများ ကို ၂၄ နာရီ ပိတ်ရက်မရှိ အချိန်မရွေးအလွယ်တကူ ပေးချေနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

အကောင့်ဖွင့်လှစ်ခြင်း၊ ငွေဖြည့်သွင်းခြင်းများကိုလည်း မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးများ၊ ရတနာပုံဘဏ်၊ ဧရာဝတီဘဏ်ခွဲများနှင့် Convenient stores များတွင် ပြုလုပ်ပေးနိုင်ရန် စီစဉ်ထားသည်။

 

MSP Wallet အသုံးပြုနိုင်ရန် အမြဲတမ်းအသုံးပြုမည့် တယ်လီဖုန်းနံပါတ် တစ်ခုရှိရန်လိုအပ်ပြီး MSP Wallet ဖြင့် Mobile topup များ အချိန်မရွေးဖြည့်နိုင်ခြင်း၊ ခရီးသွားရန်ကားလက်မှတ်များ၊ လေယာဉ် လက်မှတ်များအား ပေးချေနိုင်ရန် စီစဉ်ထားပြီး လက်ဗွေရာစနစ်နှင့် ဂဏန်း ၆ လုံးပါ လုံခြုံရေးစနစ်များ ကြောင့် မိုဘိုင်းဖုန်း ပျောက်ဆုံးသွားသော်လည်း အခြားသူမှ ငွေထုတ်ယူ၍ မရကြောင်း သိရသည်။

 

မောင်ပြည်သူ(မန္တလေး)