ရတနာပုံအသင်း သုံးပွဲဆက် အနိုင်ရ

၂၀ ဧပြီ

 

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၈) ပထမနေ့ကို ယနေ့ညနေပိုင်းက သုဝဏ္ဏကွင်း၌ ကျင်းပရာ ရတနာပုံအသင်းက Chinland အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

 

ရတနာပုံအသင်းသည် သုံးပွဲဆက်အနိုင်ယူခဲ့ခြင်းဖြစ်ပြီး ထိပ်ဆုံးနေရာအတွက် ရှမ်းယူနိုက်တက်နှင့် ဧရာဝတီအသင်းတို့ကို ဖိအားပေးနိုင်ခဲ့သည်။ Chinland အသင်းမှာမူ ရှစ်ပွဲဆက်နိုင်ပွဲပျောက်ဆုံးပြီး ဇယားအောက်ဆုံးမှ ရုန်းထွက်နိုင်ခြင်းမရှိသေးဘဲ ဖိအားပိုများသွားခဲ့သည်။

 

နှစ်သင်းစလုံး အမှတ်လိုနေသောကြောင့် လူစုံထုတ်ကစားခဲ့ပြီး ရတနာပုံအသင်းသည် သင်္ကြန်ကာလတွင် လေ့ကျင့်မှုရပ်နားပြီး ယခုပွဲအတွက် လေ့ကျင့်ရက်နှစ်ရက်သာရှိသောကြောင့် ပုံစံကောင်းရရန် ရုန်းကန်ခဲ့ရသည်။ ရတနာပုံအသင်းသည် ပွဲစကတည်းက ဖိကစားသော်လည်း ကစားသမားများ၏ စွမ်းဆောင်ရည်မှာ အကောင်းဆုံးအနေအထားမရသောကြောင့် Chinland အသင်းကို အသာစီးမရခဲ့ပေ။

 

၁၃ မိနစ်တွင် ဝင်းနိုင်ထွန်းက ရတနာပုံအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်သော်လည်း ပွဲကိုထိန်းချုပ်နိုင်ခြင်းမရှိဘဲ မိနစ် ၃၀ ကျော်တွင် ဂိုးပြန်ပေးလိုက်ရသည်။ Chinland အသင်းသည် မိနစ် ၂၀ နောက်ပိုင်းတွင် ရတနာပုံနောက်တန်းကို ဖိအားပေးနိုင်ခဲ့ပြီး ၃၃ မိနစ်တွင် ဘာဘာကျူဒီက ချေပဂိုးပြန်သွင်းခဲ့သည်။ ရတနာပုံအသင်းတိုက်စစ်ကို ဝင်းနိုင်ထွန်းနှင့် ဝင်းနိုင်စိုးတို့က ဦးဆောင်ခဲ့ပြီး နှစ်ဦးစလုံး ဂိုးရနိုင်သည့်အခွင့်အရေးများစွာ ရခဲ့သော်လည်း အသုံးမချနိုင်ခဲ့၍ နစ်နာခဲ့ရသည်။

 

ရတနာပုံအသင်းသည် ဒုတိယပိုင်းတွင် အနိုင်ဂိုးရရန် တိုက်စစ်မြင့်ခဲ့သော်လည်း အဆုံးသတ်အားနည်းခဲ့သောကြောင့် ဂိုးတစ်ဂိုးသာ ထပ်ရခဲ့သည်။ ရတနာပုံအသင်းအတွက် အနိုင်ဂိုးကို ၆၉ မိနစ်တွင် ဝင်းနိုင်ထွန်းကပင် သွင်းယူခဲ့သည်။ ဝင်းနိုင်ထွန်းသည် ဟက်ထရစ်ရနိုင်သည့် အခွင့်အရေးများရသော်လည်း အသုံးမချနိုင်ခဲ့၍ နစ်နာခဲ့ရသည်။

 

ဒုတိယနေ့ကို ဧပြီ ၂၁ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး သုဝဏ္ဏကွင်း၌ မကွေးအသင်းနှင့် ရန်ကုန်အသင်း၊ ဝေသာလီကွင်း၌ ရခိုင်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ ပဲခူး Grand Royal ကွင်း၌ ဟံသာဝတီအသင်းနှင့် ဇွဲကပင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်