နေပြည်တော် ဇွန် ၃၀
ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (Belt and Road Initiative–BRI) အကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ၏ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန စတုရင်္ဂဗလခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်က အဖွင့်အမှာ စကားပြောကြားပြီး တက်ရောက်လာသည့် လုပ်ငန်းကော်မတီ အဖွဲ့ဝင်များက ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း (BRI) မူဘောင်အောက်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများနှင့်တိုးတက်မှုများ၊ ကော်မတီအနေဖြင့် မြန်မာနိုင်ငံ၏ အကျိုးစီးပွားဖြစ်ထွန်းစေရေးအတွက် ရပ်ဝန်းနှင့် ပိုးလမ်းမဆိုင်ရာ စီမံကိန်းများတွင် တက်ကြွစွာပါဝင် ဆောင်ရွက်ရေးနှင့် စီမံကိန်းများကို ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်ရေး၊ BRI အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးဆောင် ကော်မတီကို အထောက်အကူပြုရန် ဝန်ကြီးဌာနများအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ BRI စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား အပြန်အလှန် အကျိုးစီးပွား ဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှု ဖြစ်စေရေးတို့နှင့် စပ်လျဉ်း၍ အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။
အစည်းအဝေးသို့ ဝန်ကြီးဌာန ၂၃ ခု၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် နေပြည်တော်ကောင်စီတို့မှ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။
သတင်းစဉ်


