ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အကြမ်းဖက်အဖွဲ့ဝင်များအား ဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၁

 

ရန်ကုန်တိုင်း ဒေသကြီးအတွင်း အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများကို အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းဆောင်ရွက်နိုင်မှု မရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်မှုကို မလိုလားသော ပြည်သူများ၏ သတင်းပေးမှုများကြောင့် ၂၀၂၂ ခုနှစ် ဇွန် ၁၄ ရက်တွင် ရန်ကုန် တိုင်းဒေသကြီး အင်းစိန်မြို့နယ် နံ့သာကုန်းရပ်ကွက်ရှိ အင်းစိန်ပန်းခြံ၌ Teenager Killer Force (TKF) အမည်ခံ အကြမ်းဖက် အဖွဲ့ဝင်များဖြစ်သည့် ကောင်းသီဟနိုင် (ခ) ဇင်ယော်၊ ငြိမ်းစုရည်ဖြိုး (ခ) ဝေယံ၊ မိုးပွင့်ဖြူ (ခ) လရောင်နှင့် ဝါဝါဦး (ခ) ပန်ပန်တို့ အားလည်းကောင်း၊ အင်းစိန်မြို့နယ် ရွာမအရှေ့ရပ်ကွက် ဒေါနလမ်းသွယ် (၁) ရှိ အိမ်အမှတ် (၅) ၌ ဉာဏ်လင်းထက် (ခ) ကိုဉာဏ်၊ အောင်မင်းခန့် (ခ) သခွားသီးနှင့် ထက်နန္ဒသိမ့် (ခ) နန္ဒတို့ကို လက်လုပ် Remote မိုင်း ၁ လုံး၊ Sound Box အတွင်း ထည့်သွင်းတပ်ဆင်ထားသည့် Remote မိုင်း ၁ လုံး၊ Keypad ဖုန်း ၁ လုံး၊ ကြယ်ဖြူတစ်လုံးပါ အလံ ၁ ခု တို့နှင့်အတူ ဖမ်းဆီးရမိသည်။

 

ထို့ပြင် ဇွန် ၁၆ ရက်တွင် သန့်ဇင်အောင် (ခ) TK Boss နှင့် အီးဝမ်းတို့သည် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ဧရာဝတီလမ်းပေါ်ရှိ ပွိုင့်ထိပ်မှတ်တိုင်အနီးတွင် မိုင်းထောင်ဖောက်ခွဲရန် လုပ်ဆောင်နေစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များက တွေ့ရှိသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ တရားခံ နှစ်ဦးသည် အနီးတွင် အသင့်ရပ်ထားသည့် ယာဉ်ပေါ်သို့တက်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ယာဉ်ဖြင့်တိုက်၍ မောင်းနှင်ထွက်ပြေးခဲ့သဖြင့် ခုခံပစ်ခတ် ဖမ်းဆီးခဲ့ရာ သန့်ဇင်အောင် (ခ) TK Boss ကို လက်လုပ်မိုင်း တစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အီးဝမ်းအား အသေဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

 

ဖမ်းဆီးရမိတရားခံ သန့်ဇင်အောင် (ခ) TK Boss ၏ ထွက်ဆိုချက်အရ သင်္ဃန်းကျွန်း မြို့နယ်အမှတ် (၁၃) ရပ်ကွက် တိုက်အမှတ် (၃၈၁) အခန်း အမှတ် (A-5) သို့ သွားရောက် ရှာဖွေခဲ့ရာ Yangon Union Young Organization-YUYO အမည်ခံ အကြမ်းဖက်အဖွဲ့မှ လွင်ဦးမောင်နှင့် ချစ်ကိုကို (ခ) ချစ်မင်းလှိုင်တို့အား ထပ်မံဖမ်းဆီး ရမိခဲ့သည်။

 

ဖြစ်စဉ်တွင် တရားခံအမျိုးသား ၆ ဦး၊ အမျိုးသမီး ၄ ဦး ပေါင်း ၁၀ ဦးတို့ကို လက်လုပ် Remote မိုင်း ၂ လုံး၊ Sound Box အတွင်း ထည့်သွင်း တပ်ဆင်ထားသည့် Remote မိုင်း ၁ လုံး၊ Keypad ဖုန်း ၁ လုံး၊ ကြယ်ဖြူတစ်လုံးပါ အလံ ၁ ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ငြိမ်းစုရည်ဖြိုး (ခ) ဝေယံ၊ မိုးပွင့်ဖြူ (ခ) လရောင် နှင့် ဝါဝါဦး (ခ) ပန်ပန်၊ ဉာဏ်လင်းထက် (ခ) ကိုဉာဏ်နှင့် အောင်မင်းခန့် (ခ) သခွားသီးတို့သည် ၂၀၂၁ ခုနှစ် ဇွန်လတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ် အတွင်းရှိ TNLA အဖွဲ့၊ တပ်မဟာ (၆) တွင် အကြမ်းဖက်ဖောက်ခွဲရေး သင်တန်းအား ၁၀ ရက် တက်ရောက်ခဲ့ကြောင်း၊ ဇူလိုင်လတွင် ရန်ကုန်မြို့အတွင်း အကြမ်းဖက် ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် TKF အမည်ခံ အကြမ်းဖက်အဖွဲ့အား ငြိမ်းစုရည်ဖြိုး (ခ) ဝေယံ ခေါင်းဆောင်၍ ကောင်းသီဟနိုင် (ခ) ဇင်ယော်၊ မိုးပွင့်ဖြူ (ခ) လရောင်နှင့် ဝါဝါဦး (ခ) ပန်ပန်၊ ဉာဏ်လင်းထက် (ခ) ကိုဉာဏ်နှင့် အောင်မင်းခန့် (ခ) သခွားသီး၊ ထက်နန္ဒသိမ့် (ခ) နန္ဒ တို့ဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊ ဒီဇင်ဘာလတွင် YUYO အမည်ခံ အကြမ်းဖက်အဖွဲ့အား ဖမ်းဆီးရန်ကျန် တရားခံကြောင်နက်မှ ခေါင်းဆောင်၍ လွင်ဦးမောင်နှင့် ချစ်ကိုကို (ခ) ချစ်မင်းလှိုင်တို့ အပါ အဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

 

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ TKF နှင့် YUYO အမည်ခံအကြမ်းဖက် အဖွဲ့များသည် နိုင်ငံတော်၏ အုပ်ချုပ်မှု ယန္တရားပျက်ပြားစေရန်နှင့် အပြစ် မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန် ရည်ရွယ်၍ အပြစ်မဲ့ပြည်သူများကို လုပ်ကြံသတ်ဖြတ်မှု ၁ ကြိမ်၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် အကြမ်းဖက် ဖောက်ခွဲမှု ၆ ကြိမ် ကျူးလွန်ခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်-

 

mdn
၂၀၂၂  ခုနှစ် မေ ၁၇ ရက် တွင်  အလုံမြို့နယ်  ဆင်မင်းရပ်ကွက်ရှိ  ရစဖမှူးအား အကြမ်းဖက်သမားများမှ  သေနတ်ဖြင့်  လုပ်ကြံ သတ်ဖြတ်ခဲ့သည့် မှတ်တမ်းဓာတ်ပုံ။

 

၂၀၂၂ ခုနှစ် မေ ၁၇ ရက်တွင် တရားခံ ချစ်ကိုကို(ခ)ချစ်မင်းလှိုင်သည် အလုံမြို့နယ် ဆင်မင်းရပ်ကွက် ရစဖမှူး ဦးလှမိုးကို လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း၊ ထိုသို့ လုပ်ကြံ သတ်ဖြတ်ရခြင်းမှာ ဧပြီ ၅ ရက်တွင် အင်းစိန်မြို့နယ် BOC မှတ်တိုင်အနီးတွင် ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေသည့် သီရိဝေ (ခ) မဝေကို ဖမ်းဆီး ရမိခဲ့ပြီး ၎င်း၏ သားဖြစ်သူ သန့်ဖုန်းဝေယံ၊ ၃ နှစ်မှာ အုပ်ထိန်းသူမရှိ ဖြစ်နေသောကြောင့် သီရိဝေ (ခ) မဝေ၏ သဘောဆန္ဒအရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အလုံမြို့နယ် စက်တွင်းလမ်းရှိ Best Choice မူကြိုကျောင်းမှ သွားရောက် ခေါ်ယူကာ မိခင်နှင့်အတူ နေထိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း၊ သို့သော် တရားခံ ချစ်ကိုကို (ခ) ချစ်မင်းလှိုင်သည် အဆိုပါ ဖြစ်စဉ်ကို သိရှိခြင်း မရှိဘဲ ရစဖမှူး ဦးလှမိုးကို ရန်ညှိုးထားရှိကာ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း။

 

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် လွင်ဦးမောင်နှင့် ချစ်ကိုကို (ခ) ချစ်မင်းလှိုင်တို့သည် ကြည့်မြင်တိုင် မြို့နယ်ရှိ မြို့နယ်တရားရုံး ရှေ့၌လည်းကောင်း၊ ယမုံနာဈေးတွင်လည်းကောင်း လက်လုပ်မိုင်း ၂ လုံး ဖောက်ခွဲခဲ့ကြောင်း။

 

မတ် ၃၁ ရက်တွင် လွင်ဦးမောင်နှင့် ချစ်ကိုကို (ခ) ချစ်မင်းလှိုင်တို့သည် ကြည့်မြင်တိုင် မြို့နယ်ရှိ ဟံသာဝတီ မီးရထား ဘူတာရှေ့ရှိ ဟံသာဝတီ ဂတ်စ်ဆိုင်အနီးတွင် လည်းကောင်း၊ ကြည့်မြင်တိုင် မြို့နယ်ရဲစခန်းဝင်း အတွင်း၌ လည်းကောင်း လက်လုပ်မိုင်း ၂ လုံး ဖောက်ခွဲခဲ့ကြောင်း။

 

ဧပြီ ၁၃ ရက်တွင် လွင်ဦး မောင်နှင့် ချစ်ကိုကို(ခ)ချစ်မင်းလှိုင်တို့သည် ကြည့်မြင်တိုင် မြို့နယ် ဦးကြွယ်ဟိုးလမ်းရှိ အပြစ် မဲ့ပြည်သူတစ်ဦး၏ နေအိမ်ရှေ့တွင် လက်လုပ်မိုင်း ၁ လုံး ဖောက်ခွဲခဲ့ကြောင်း။

 

ဇွန် ၁၆ ရက်တွင် သန့်ဇင်အောင် (ခ) TK Boss သည် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ဧရာဝတီလမ်းရှိ ရဲကင်းရုံအား လက်လုပ် မိုင်း ၁ လုံး ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း။

 

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိ တရားခံများကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက် နေသူများကို ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ပေးအပ်ချီးမြှင့်လျက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

သတင်းစဉ်