ရန်ကုန်  ၆   ဧပြီ

 

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ ဖောင်ကြီးဗဟိုဝန်ထမ်း တက္ကသိုလ်(အောက်မြန်မာပြည်)သို့ သွားရောက်၍ ကိုဗစ်-၁၉ လူနာများ ကုသစောင့်ရှောက်ရန် Medical Centre ကြိုတင်မွမ်းမံပြင်ဆင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

 

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဝန်ကြီးချုပ်အား သက်ဆိုင်ရာဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကုမ္ပဏီများနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များက Medical Centre ဖွင့်လှစ်နိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး ဝန်ကြီးချုပ်က လုပ်ငန်းလိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။

 

ယင်းနောက် ကိုဗစ်-၁၉ လူနာများအား ဆေးဝါးကုသရန် ထားရှိမည့် အဆောက်အဦများ ကြိုတင်ပြင်ဆင်မွမ်းမံ တည်ဆောက်ထာသော အဆောက်အဦများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

 

ဆက်လက်၍ အမှိုက်များစွန့်ပစ်ဖျက်ဆီးရန်နှင့် သေဆုံးလူနာများမီးသဂြိုလ်ရန် ဆောက်လုပ်လျက်ရှိသည့် လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့သည်။

 

ထိုနောက် ရန်ကုန်-မန္တလေး အမြန်လမ်း ဝ မိုင်တွင် ဖွင့်လှစ်ထားရှိသည့် ခရီးသွားများအတွက် ရောဂါရှာဖွေစစ်ဆေးရေးစခန်း၌ ခရီးသွားများအား ရောဂါရှာဖွေစစ်ဆေးလျက်ရှိသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရီးသွားများအား ရောဂါရှာဖွေစစ်ဆေးရာတွင် စနစ်တကျ စီမံဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်းသိရှိရသည်။

 

အောင်မြင့်(ပြန်/ဆက်)