ရန်ကုန်၊  ၂၁   ဒီဇင်ဘာ

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ကျောက်တံတားမြို့နယ်အတွင်းရှိ ဘဏ်လမ်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) အနေဖြင့် ဒီဇိုင်းပိုင်းဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းပါဝင် ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။

 

ရန်ကုန်မြို့လယ်ရှိ ဘဏ်လမ်းသည် မဟာဗန္ဓုလပန်းခြံလမ်းနှင့် ပန်းဆိုးတန်းလမ်းကြားတွင်ရှိပြီး အနီးအနားတွင် ရန်ကုန်မြို့၏ သမိုင်းဝင် အဆောက်အအုံပေါင်းများစွာ တည်ရှိနေသည်။ နေ့စဉ်ရုံးဖွင့်ချိန်တွင် လူအများ သွားလာမှုများပြားပြီး သက်တမ်းရင့် သစ်ပင်ကြီးပေါင်းများစွာ ရှိကြောင်း သိရသည်။

 

“ဘဏ်လမ်းအဆင့်မြှင့်တင်တဲ့ စီမံကိန်းမှာ YHT ဘက်ကနေ ဒီဇိုင်းပိုင်းဆိုင်ရာ အကူအညီပေးဖို့ရှိပါတယ်။ အဓိက ပျက်စီးနေတဲ့အပိုင်းတွေက လူသွားစင်္ကြန်တွေပေါ့။ အဲဒါကို ဘလောက်တုံးလေးတွေနဲ့ အဆင့်မြှင့်တင်ဖို့ရှိမယ်၊ လမ်းလျေှာက်သွားလာတဲ့ ပြည်သူတွေ အနားယူဖို့အတွက် နေရာလေးတွေ ဖန်တီးပေးမယ်။ နောက် တခြားဟာလေးတွေလည်း လုပ်သွားဖို့ရှိပါတယ်” ဟု YHT မှ မငြိမ်းဇာသွယ်က ပြောကြားသည်။

 

ဘဏ်လမ်းအဆင့်မြှင့်တင်ခြင်းတွင် ရေစီးရေလာ ကောင်းမွန်ရန်အတွက် ရေနုတ်မြောင်း၊ ရေစိမ့်ဝင်နိုင်သော ပလက်ဖောင်း ဘလောက်တုံးများ၊ လုံခြုံသော ရေမြောင်းအဖုံးများ၊ အန္တရာယ်ကင်းစွာ သွားလာနိုင်သော လမ်းပလက်ဖောင်းများနှင့် ယာဉ်ရပ်နားရန် နေရာများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အတွင်းရှိ ဘဏ်လမ်းသည် အစိုးရရုံးဆင်းချိန်နောက်ပိုင်းနှင့် ရုံးပိတ်ရက်များတွင် ပြည်သူများ ဖြတ်သန်းသွားလာမှုနှင့် ယာဉ်ရပ်နားမှု နည်းပါးခြင်းတို့ကြောင့် ပွဲလမ်းသဘင်များ ကျင်းပနိုင်ခြင်း၊ ဈေးခင်းကျင်းရောင်းချနိုင်ခြင်း၊ ဖျော်ဖြေပွဲများ ကျင်းပနိုင်ခြင်းတို့ကြောင့် မြို့ပြပညာရှင်များက အများပြည်သူ အသုံးပြုရန်နေရာအဖြစ် ပြောင်းလဲလိုကြသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊

ဓာတ်ပုံ- YHT