ရန်ကုန်တိုင်းဒေသကြီး (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (တိုင်းအဆင့်) ပြိုင်ပွဲ တတိယနေ့ ဆက်လက်ကျင်းပ

 

ရန်ကုန်၊ ဩဂုတ် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ၂၀၂၂ ခုနှစ် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (တိုင်းအဆင့်) ပြိုင်ပွဲ တတိယနေ့ကို ယနေ့ နံနက် ၈ နာရီ မှစတင်၍ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်းဗင်း ရှင်း စင်တာ (MCC) ခန်းမရှိသတ်မှတ်နေရာများ၌ ဆက်လက်ကျင်းပသည်။

 

နံနက်ပိုင်းတွင် ပြိုင်ပွဲဝင် မျိုးဆက်သစ်လူငယ်များသည် ဆိုင်းတစ်ဦးချင်းပြိုင်ပွဲ၊ အိုးစည်အဖွဲ့လိုက်ပြိုင်ပွဲနှင့် ဒိုးပတ်အဖွဲ့လိုက် ပြိုင်ပွဲများကို ဝါသနာရှင် ပထမတန်း အဆင့်နှင့် ဝါသနာရှင် ဒုတိယတန်းအဆင့် ယှဉ်ပြိုင်ကြသည်။

 

မွန်းလွဲပိုင်းတွင် ဆိုင်းအဖွဲ့လိုက်ပြိုင်ပွဲကို ကျင်းပရာ ဝါသနာရှင် ပထမတန်းအဆင့် အမျိုးသားဆိုင်းအဖွဲ့လိုက်ပြိုင်ပွဲတွင် ဦးဗိုလ်ဟိန်းနှင့် အဖွဲ့၊ ဝါသနာရှင် ပထမတန်းအဆင့် အမျိုးသမီးဆိုင်းအဖွဲ့လိုက် ပြိုင်ပွဲတွင် ပေါက်ကျော်မနှင့် အဖွဲ့တို့ ယှဉ်ပြိုင်နေမှုကိုလည်းကောင်း၊ ဝါသနာရှင် ဒုတိယအဆင့် အမျိုးသားဆိုင်း အဖွဲ့လိုက် ပြိုင်ပွဲတွင် ဇာမဏီသန်းဇော်နှင့်အဖွဲ့၊ ဦးချစ်စုနှင့်အဖွဲ့၊ ဦးအောင်ကြည်ခိုင်နှင့်အဖွဲ့၊ အမျိုးသမီးဆိုင်း အဖွဲ့လိုက်ပြိုင်ပွဲတွင် ဒေါ်မြတ်နိုးခင်နှင့် အဖွဲ့တို့ ယှဉ်ပြိုင် တီးခတ်နေမှု တို့ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဌ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဂီတ၊ သဘင် အစည်းအရုံးတို့မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေးဦးစီး ကော်မတီ ဆပ်ကော်မတီ အသီးသီးတို့မှ ကော်မတီဝင်များ၊ မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံး ဥက္ကဋ္ဌ ဦးဒိန်းဒေါင်နှင့် အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် မျိုးဆက်သစ်များနှင့် မိသားစုဝင်များ၊ အနုပညာ ချစ်မြတ်နိုးသူများက ကြည့်ရှုအားပေးကြသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် ပြိုင်ပွဲ ဝင်များနှင့် ပြိုင်ပွဲအကဲဖြတ် ပညာရှင်ဒိုင်အဖွဲ့အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်း-ဓာတ်ပုံ- ကိုကိုဇော်(သတင်းစဉ်)