ရန်ကုန်၊ ၁၀ မေ

 

ရန်ကုန်(ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်း၌ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ  ရဟန်း၊ သံဃာတော်များ၊ သီလရှင်များနှင့် အနယ်နယ်အရပ်ရပ်က ခရီးသွား မိဘပြည်သူများ ကူးသန်းသွားလာလျက်ရှိပြီး ခရီးသည်များ သွားလာရေးအဆင်ပြေချောမွေ့စေရေး ချယ်ရီရေယာဉ်များဖြင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ နေ့စဉ် ကူးတို့ ပို့ဆောင်ပြေးဆွဲပေးလျက်ရှိသည်။ အဆိုပါ သင်္ဘောဆိပ်ကမ်း၌ ကျန်းမာရေးမကောင်းသည့် သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ သွားလာရေး အဆင်ပြေစေရေးအတွက် ဝှီးချဲများကို စီစဉ်ဆောင်ရွက်ထားရှိရာ မည်သူမဆို အခမဲ့ အသုံးပြုနိုင်ကြောင်းသိရသည်။

 

ဒီသင်္ဘောဆိပ်ကမ်းက ခရီးသည်သွားလာမှု များတယ်၊ ခုလို ဒလဘက်ခြမ်းမှာကော၊ ပန်းဆိုးတန်းဘက်ခြမ်းမှာကော အသက်အရွယ်ကြီးတဲ့သူတွေ၊ နေမကောင်းတဲ့သူတွေ အသုံးပြုနိုင်တဲ့ ဝှီးချဲတွေ စီစဉ်ထားရှိပေးထားတာ သက်ကြီးရွယ်အိုတွေ သွားလာကြတဲ့နေရာမှာ အရမ်းအဆင်ပြေတယ်၊ အသုံးလည်းဝင်တယ်၊ လူလည်းသက်သာတာပေါ့ ဟု ဒေသခံပြည်သူတစ်ဦးက ပြောပြသည်။

 

အဆိုပါ ဝှီးချဲများ အသုံးပြုသူများအနေဖြင့် ဒလသင်္ဘောဆိပ်ကမ်း လက်မှတ်ရုံမှ ရယူပြီး ပန်းဆိုးတန်းဆိပ်ကမ်း လက်မှတ်ရုံတွင် ပြန်လည်အပ်နှံပေးရမည်ဖြစ်ပြီး အလားတူ ပန်းဆိုးတန်းဆိပ်ကမ်း လက်မှတ်ရုံမှ ရယူပြီး ဒလဆိပ်ကမ်း လက်မှတ်ရုံတွင် ပြန်လည်အပ်နှံပေးရမည်ဖြစ်ကြောင်း၊ အသုံးပြုသူများ၏ အမည်နှင့် ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များကို ပန်းဆိုးတန်းနှင့် ဒလဆိပ်ကမ်းတို့ရှိ လက်မှတ်ရုံမှ တာဝန်ရှိသူများအား ‌ပြောပြ၍ မည်သူမဆို အခမဲ့အသုံးပြုနိုင်ကြောင်း သိရသည်။

 

လက်ရှိအချိန်တွင် ရန်ကုန်(ပန်းဆိုးတန်း-ဒလ) သင်္ဘောခရီးစဉ်များ အနေဖြင့် ရုံးဖွင့်ရက်များတွင် အသွား ၃၄ ခေါက်၊  အပြန် ၃၄ ခေါက်နှုန်းဖြင့် ဒလဘက်ကမ်းမှ နံနက် ၅ နာရီခွဲမှ စတင်၍ ည ၇ နာရီအထိ လည်းကောင်း၊ ပန်းဆိုးတန်းဘက်ကမ်းမှ နံနက် ၆ နာရီမှ စတင်၍ ည ၇ နာရီခွဲအထိ လည်းကောင်း၊ ရုံးပိတ်ရက်များတွင် အသွား ၂၃ ခေါက်၊ အပြန် ၂၃ ခေါက်နှုန်းဖြင့်လည်းကောင်း ခရီးသည်များ သွားလာရေး အဆင်ပြေချောမွေ့စေရေးအတွက် ပြေးဆွဲပို့ဆောင်ပေးလျက်ရှိကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ- နိုင်လင်းကျော်(IPRD)

mdn