ရန်ကုန်မြစ်တွင်းသွား စက်တပ်သမ္ဗန်များဖြင့် ခရီးသည်များ သယ်ယူပို့ဆောင်ပေးနေသည့် ကူးတို့ဆိပ်များ၌ ခရီးသည်သွားလာမှု ပုံမှန်ဖြစ်လာ

ရန်ကုန် အောက်တိုဘာ ၂၈

 

ရန်ကုန်မြစ်တွင်းသွား စက်တပ်သမ္ဗန်များစွာဖြင့် ခရီးသည်များ သယ်ယူပို့ဆောင်ပေးနေသည့် ဒလမြို့နယ်အတွင်းရှိ စက်တပ်သမ္ဗန်ကူးတို့ဆိပ်များ၌ ယခင်က ခရီးသည်သွားလာမှုမှာ ၄ ပုံ ၁ ပုံခန့်သာ သွားလာမှုရှိခဲ့ပြီး ယခုအခါ ၃ ပုံ ၂ ပုံ ခန့် ခရီးသည်သွားလာမှု များလာခဲ့ရာ ခရီးသည်များ ပုံမှန်သွားလာနေပြီဖြစ်ကြောင်း မြို့နယ်စက်တပ်သမ္ဗန် ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 

“ခုလက်ရှိအချိန်မှာ အရင်ကထက် ၃ ပုံ ၂ ပုံလောက် ခရီးသည်သွားလာနေကြတယ်၊ ခရီးသည်ပြေးဆွဲပို့ဆောင်မှု အချိန်အနေနဲ့ သမ္မတကမ်းခြေ၊ ကမာအောင်၊ ဈေးဆိပ်နဲ့ တံလျှပ်တို့က နံနက် ၄ နာရီကနေ ည ၉ နာရီအထိ ပြေးဆွဲပါတယ်၊ ခရီးသည်က ၉ နာရီကျော်သွားရင် သိပ်မရှိကြတော့ပါဘူး၊ ကမာကသွယ်၊ စက်မြေ၊ ကမာကဆစ်၊ မှော်စက်၊ ဆာပါချောင် သမ္ဗန်ဆိပ်တွေအနေနဲ့ ပထမက ည ၈ နာရီအထိပဲ ပြေးဆွဲပေးရာကနေ ခု သတ်မှတ်အချိန်ကို ဖြေလျော့ပေးထားလို့ ည ၉ နာရီအထိ ပြေးဆွဲပေးနေပြီဖြစ်ပါတယ်၊ အချိန်ကန့်သတ်ထားတာ မရှိတော့ဘူး။ သက်ဆိုင်ရာက ဖြေလျော့ပေးထားပြီးဖြစ်ပါတယ်၊ သမ္ဗန်တွေအားလုံး ပုံမှန်ပြေးဆွဲပေးတယ်၊ နားတဲ့သမ္ဗန်အနေနဲ့က  ၄ စီးကနေ  ၁၀ စီးလောက်ပဲ နားကြတာရှိပါတယ်၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့ကာလက ခရီးသည် ပုံမှန်ထက် ခေါက်ရေချိုးလောက်ပဲသွားတယ်၊ ခါတိုင်းက ခရီးသည် ၄ ပုံ ၁ ပုံ လောက်ပဲသွားပြီးတော့၊ ခုချိန်မှာ ၃ ပုံ ၂ ပုံ  သွားလာနေကြပြီဖြစ်ပါတယ်၊ ပုံမှန်နီးပါးလောက် ပြေးဆွဲနေရပြီးဖြစ်ပါတယ်” ဟု ယနေ့မွန်းလွဲပိုင်းက မြို့နယ်စက်တပ်သမ္ဗန် ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ပြောသည်။

 

“သမ္ဗန်တစ်စီးမှာ ခရီးသည်တင်ဆောင်မှုက အရင်က ၆ ဦးကနေ ၈ ဦးအထိ သတ်မှတ်ထားတာ၊ ပြီးခဲ့တဲ့ ၄ ရက်နေ့ အစည်းအဝေးမှာ တင်ပြလာတဲ့အတွက် ခရီးသည် ၁၀ ဦးအထိ ပြန်လည်ပြေးဆွဲပေးနိုင်ဖို့ကို သက်ဆိုင်ရာကို တင်ပြထားပါတယ်၊ တစ်ချို့သမ္ဗန်တွေဆို ခရီးသည် နည်းနည်းနဲ့ အဆင်ပြေသလို  ပို့ဆောင်ပေးတာတွေရှိပါတယ် ” ဟု ဆက်လက်ပြောပြသည်။  

 

စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ ကူးသန်းသွားလာရာတွင် ဒလမြို့နယ်မှတစ်ဆင့် အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိက ဝန်ထမ်းများ၊ အထွေထွေလုပ်သားပြည်သူ များစွာတို့ကို ကူးတို့သမ္ဗန်ဆိပ်ကမ်းများဖြစ်သည့် သမ္မတကမ်းခြေ၊ ဈေးဆိပ်၊ ကမာအောင်၊ တံလျှပ်၊ ကမာကသွယ်၊ စက်မြေ၊ ကမာကဆစ်၊ မှော်စက်၊ ဆာပါချောင်၊ ကျောင်းစုနှင့် ကျောင်းစု(ခွဲ) (လက်ခပ်မှ စက်တပ်) ကူးတို့ဆိပ်တို့မှ ရန်ကုန်ဘက်ခြမ်းရှိ ဗိုလ်တထောင်၊ ပန်းဆိုးတန်း၊ စဉ့်အိုးတန်း၊ မော်တင်လမ်းသစ်၊ မော်တင်(ကိုင်းတန်းအမှတ်-၂)၊ ဆိပ်ကြီးခနောင်တို ကူးတို့ဆိပ်တို့သို့ စက်တပ်သမ္ဗန်များစွာဖြင့် ခရီးသည် မိဘပြည်သူများစွာတို့ကို နေ့စဉ်ပုံမှန် ကူးတို့ပို့ဆောင်ပေးလျက်ရှိခြင်း ဖြစ်သည်။

 

ဒလမြို့နယ်၌ လက်ရှိအချိန်တွင် စက်တပ်သမ္ဗန်ကူးတို့ဆိပ် စုစုပေါင်း ၁၀ ဆိပ်ရှိပြီး၊ ကမာအောင်ကူးတို့ဆိပ်၌ စက်တပ်သမ္ဗန်  ၁၈၀ စီး၊ သမ္မတ ကမ်းခြေကူးတို့ဆိပ်၌ ၃၄ စီး၊ တံလျှပ်ကူးတို့ဆိပ်၌ ၅၁ စီး၊ ကမာကသွယ် ကူးတို့ဆိပ်၌ ၃၀ စီး၊ စက်မြေကူးတို့ဆိပ်၌ ၃၃ စီး၊ ကမာကဆစ်ကူးတို့ဆိပ်၌ ၄၁ စီး၊ မှော်စက်ကူးတို့ဆိပ်၌ ၃၅ စီး၊ ကျောင်းစု (စက်တပ်) ကူးတို့ဆိပ်၌ ၁၅ စီး၊ ဆာပါချောင်ကူးတို့ဆိပ်၌ ၄၁ စီး၊ ကျောင်းစုခွဲ (လက်ခပ်မှ စက်တပ်) ကူးတို့ဆိပ်၌ ၂၀ စီး၊ ကုန်တင် (မှတ်ပုံတင်) ၅ စီး၊ စုစုပေါင်း စက်တပ်သမ္ဗန်အစီးရေ ၄၈၅ စီးရှိကြောင်း  မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ- နိုင်လင်းကျော်(IPRD)