ရန်ကုန်စတော့အိတ်ချိန်း၌ သြဂုတ်လအတွင်း ငွေကျပ်သန်းပေါင်း ၂၁၀ဝ ကျော် အရောင်းအဝယ်ဖြစ်ခဲ့

ရန်ကုန် ၈ စက်တင်ဘာ 

ရန်ကုန်စတော့အိတ်ချိန်း၌ ၂၀၁၉ ခုနှစ် သြဂုတ်လအတွင်း ငွေကျပ်သန်းပေါင်း ၂၁၀ဝ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းဝင်ကုမ္ပဏီများဖြစ်သော FMI, MTSH, MCB, FPB, TMH ကုမ္ပဏီ ၅ ခုတို့သည် သြဂုတ်လအတွင်း Normal Trading အနေဖြင့် အစုရှယ်ပေါင်း ၃၂၂၁၇၆ စုနှင့် Block Trading စနစ်ဖြင့် ၅၆၀ဝ၀ စု၊ စုစုပေါင်းရှယ်ယာ ၃၇၈၁၇၆ စု အရောင်းအဝယ်ဖြစ်ခဲ့ပြီး ငွေတန်ဖိုးအားဖြင့် ကျပ် သန်းပေါင်း ၂၁၈၉ ဒသမ ၄၈ ဖိုး အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စတော့ရှယ်ယာဈေးကွက်စတင်ခဲ့သည့် ၂၀၁၆ ခုနှစ် မတ်လမှ ယခု ၂၀၁၉ ခုနှစ် သြဂုတ်လအထိ ရှယ်ယာအရေအတွက် ၁၂ ဒသမ ၇၇ သန်း အရောင်းအဝယ်ဖြစ်ခဲ့ပြီး ငွေတန်ဖိုးအားဖြင့် ၁၃၁ ဒသမ ဝ၈ ဘီလီယံဖိုး အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

ပြည်သူများ စတော့အရောင်းအဝယ်နှင့်ပတ်သက်၍ ဗဟုသုတတိုးပွားစေရန် သြဂုတ်လအတွင်း ရန်ကုန် စတော့အိတ်ချိန်း၏ အခြေခံစတော့ရင်းနှီးမြုပ်နှံမှုသင်တန်း အမှတ်စဉ် ၇ ကို ဖွင့်လှစ်သင်ကြားခဲ့ရာ သင်တန်းသား ၆၄ ဦး တက်ရောက်ခဲ့သည်။ ထို့ပြင် တတိယအကြိမ်မြောက် YSX Expo 2019 ကိုလည်း စက်တင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ ကျင်းပခဲ့ရာ ပြည်သူ ၁၄၀ဝ ကျော် လာရောက်လေ့လာခဲ့ကြောင်း သိရသည်။

လက်ရှိနိုင်ငံတွင်း ဖြစ်ပေါ်နေသော ဒေါ်လာနှင့် ရွှေဈေးမြင့်တက်မှု၊ ဘဏ်များ၏ လှုပ်ခတ်မှုအခြေအနေကြောင့် စတော့ဈေးကွက်အပေါ် သက်ရောက်မှုနှင့်ပတ်သက်၍ “မြန်မာနိုင်ငံမှာက ဘဏ်တွေမှာဖြစ်ပေါ်နေတဲ့ ဂယက်ကြောင့် လူတွေက အစိုးရိမ်လွန်တယ်ပေါ့။ အစိုးရိမ်လွန်ပြီးတော့ တစ်ချို့တွေလဲဘဏ်မှာ သူတို့အပ်ထားတဲ့ငွေတွေ ပြန်ထုတ်ဖို့ ကြိုးစားကြတယ်။ ဒါတော့ တကယ်တော့ စိုးရိမ်စရာမလိုပါဘူး။ တစ်ခုခုဖြစ်ရင်တော့ ဗဟိုဘဏ်က ဝင်ပြီးကယ်မှာဘဲ။ ပြည်သူလူထုက အစိုးရိမ်လွန်ပြီး သူတို့အပ်ထားတဲ့ငွေပြန်ထုတ်ပြီး ရွှေဝယ်တယ်၊ ရွှေဝယ်တော့ ရွှေဈေးတက်တယ်ပေါ့။ ရန်ကုန်စတော့အိတ်ချိန်းဘက်ကိုကျတော့ သက်ရောက်မှုအနေနဲ့က အရောင်းအဝယ်ပိုင်းမှာ ပိုတက်သွားတယ်။ ဘာမှစိတ်မချရတဲ့အတူတူ စတော့ဘဲဝယ် ထားတော့မယ်ဆိုတဲ့ လူမျိုးတွေလည်း ရှိတာကိုး။ သူတို့တွေက ဒီဘက်ကို ခြေဦးပြန်လှည့်လာကြတယ်” ဟု ရန်ကုန်စတော့အိတ်ချိန်းမှ အမှုဆောင်အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးက ပြောသည်။

ထို့ပြင် သြဂုတ်လအတွင်း ရန်ကုန်စတော့အိတ်ချိန်း၏ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများဖြစ်သော KTZRH, MSEC နှင့် KBZSC တို့သည် စတော့အိတ်ချိန်းတွင် ရင်းနှီးမြှုပ်နှံသူအရေအတွက် တိုးပွားလာစေရန်နှင့် ဈေးကွက်ဆိုင်ရာ အသိပညာ ဗဟုသုတများ ရရှိနိုင်စေရေးအတွက် အသိပညာပေးဟောပြောပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။

ထင်ပေါ်ဝင်း၊ ဓာတ်ပုံ - ထိန်လင်း