ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ AirAsia (Berhad) လေကြောင်းခရီးစဉ်အား ဝမ်းမြောက်စွာ ကြိုဆို

 

ရန်ကုန်  ဇွန် ၄

 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဇွန် (၃) ရက်၊ နံနက် (၈) နာရီ (၁၀) မိနစ်တွင် မလေးရှားနိုင်ငံ၊ ကွာ လာလမ်ပူမြို့မှ ပျံသန်းဆိုက်ရောက်လာသော AirAsia (Berhad) လေကြောင်းခရီးစဉ်အား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသော Yangon Aerodrome Company  Limited (YACL) မှ ဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြောင်း သိရသည်။

 

နိုင်ငံတော်မှ ကိုဗစ်-၁၉ရောဂါကာလအတွင်း ပြည်ပသို့ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရန်၊  လေကြောင်းခရီးစဉ်များ ပြန်လည်အသက်ဝင်မှုဖြင့် ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့စေရန်နှင့် ပြည်တွင်းခရီးသွားလာမှုဖြင့် ပြည်သူများ စိတ်အေးချမ်းစွာ အပန်းဖြေနိုင်ရန် ပြည်တွင်း/ပြည်ပ လေကြောင်းလိုင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ရာ နိုင်ငံတကာ လေကြောင်းလိုင်းများ ဝင်ရောက်လာမှုနှင့်အတူ AirAsia  (Berhad) ၏ လေယာဉ်အမှတ်-AK 505 ဖြင့် ပျံသန်းဆိုက်ရောက်လာခြင်းဖြစ်ပြီး တစ်ပတ်လျှင် နှစ်ကြိမ်ဖြင့် တနင်္လာနှင့်သောကြာနေ့တို့တွင် ကွာလာလမ်ပူနှင့် ရန်ကုန်မြို့သို့ တိုက်ရိုက်ပျံသန်းပြေးဆွဲမည်ဖြစ်သည်။ ယခုပျံသန်းရောက်ရှိလာသော AirAsia(Berhad) ၏ လေကြောင်းခရီးစဉ်အတွက် https://www.facebook.com/airasiasuperapp.mm/ တွင် တိုက်ရိုက် စုံစမ်းနိုင်ကြောင်း သိရသည်။

 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာလေကြောင်းခရီးစဉ်ပြေးဆွဲမှုကို ကမ္ဘာ့ကပ်ရောဂါ အခြေအနေကြောင့် ၂၀၂၀-ခုနှစ်၊ မတ် (၂၉) ရက်မှ စတင်၍ ခေတ္တဆိုင်းငံ့ထားခဲ့ရာ (၂) နှစ်အကြာ၂၀၂၂ ခုနှစ်၊ ဧပြီ (၁၇) ရက်တွင် ပြန်လည်ပျံသန်းပြေးဆွဲခဲ့ခြင်းဖြစ်သည်။

 

၂၀၂၁ ခုနှစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဆိုက်ရောက်၊ ထွက်ခွာခရီးသည်  ၇၂၃၅၄၀ ဦးနှင့် လေကြောင်းခရီးစဉ် ပျံသန်ပြေးဆွဲမှုအကြိမ်ရေ ၂၀၉၉၁ ကြိမ်အထိ ဝန်ဆောင်မှုပေးခဲ့ပြီး YACL အနေဖြင့် ယခုနှစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား အသုံးပြုသူခရီးသည်နှင့် လေကြောင်း ခရီးစဉ်အရေအတွက် တိုးမြင့်လာမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

ညိမ်းသူ( သတင်းစဉ်)၊

ဓာတ်ပုံ - ကနူး