နေပြည်တော် ဇူလိုင် ၁

ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေး အတွက် ရထားလမ်းပိုင်းများ အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းနှင့်အတူ ခေတ်မီ DEMU ရထားတွဲဆိုင်း များဖြင့် လူစီးရထားများ ပြေးဆွဲလျက်ရှိသည်။

ရန်ကုန်-မန္တလေးလမ်းပိုင်းအတွင်း ရန်ကုန်-နေပြည်တော်-ရန်ကုန် ရထားခရီးစဉ်နှင့် ရန်ကုန်-မန္တလေး-ရန်ကုန် ရထားခရီးစဉ်များကို ပြေးဆွဲပေးခဲ့ပြီး ခရီးသည်များ ကြိုက်နှစ်သက်၍ စီးနင်းမှုများ သောကြောင့် ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း အတွင်း အမှတ်(၈၃)အဆန် ရန်ကုန် - မော်လမြိုင် ခရီးစဉ်နှင့် အမှတ်(၈၄)အစုန် မော်လမြိုင် - ရန်ကုန် ခရီးစဉ်များကို လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားများ အသုံးပြု၍ ယနေ့တွင် စတင်ပြေးဆွဲပေးသည်။

အဆိုပါ အမှတ်(၈၃)အဆန် ရန်ကုန်-မော်လမြိုင် ခေတ်မီလေအေးပေးစက်ပါ DEMU ရထားခရီးစဉ် စတင်ပြေးဆွဲခြင်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်ဘူတာကြီး စင်္ကြံအမှတ် (၁) ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာ့မီးရထားမှ အရာထမ်း/အမှုထမ်းများ၊ ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဖွင့်ပွဲတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က အမှာစကားပြောကြားကြပြီး ဒေသခံ ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောသည်။

ထို့နောက် ပြေးဆွဲမည့် ရထားတွဲဆိုင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး လျှပ်စစ်စွမ်းအင်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးနှင့် မြန်မာ့မီးရထား၊ အထွေထွေ မန်နေဂျာ (သွားလာပို့ဆောင်ရေး)တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ယင်းနောက် မော်လမြိုင်သို့ စီးနင်းလိုက်ပါကြ မည့်ခရီးသည်များအား လိုက်လံနှုတ်ဆက်ပြီး အမှတ် တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကာ နံနက် ၅ နာရီတွင် ရထားစတင်ထွက်ခွာရာ ဒုတိယဝန်ကြီးနှင့် အဖွဲ့က မော်လမြိုင်အထိ လိုက်ပါစီးနင်းကြသည်။

ဆက်လက်၍ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် မော်လမြိုင်ဘူတာ အမှတ်(၁)စင်္ကြံ၌ အမှတ် (၈၄)အစုန် မော်လမြိုင်-ရန်ကုန် ခေတ်မီလေအေးပေးစက် ပါ DEMU ရထားခရီးစဉ် စတင်ပြေးဆွဲခြင်းဖွင့်ပွဲကို ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ အရာထမ်း/အမှုထမ်းများ၊ ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က အမှာစကား ပြောကြားကြပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောသည်။

ထို့နောက် ပြေးဆွဲမည့်ရထားတွဲဆိုင်းအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ရန်ကုန်သို့ စီးနင်းလိုက်ပါမည့် ခရီးသည်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ မွန်းတည့် ၁၂ နာရီတွင် ရထားစတင်ထွက်ခွာရာ ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည် ကျိုက်ထိုဘူတာအထိ လိုက်ပါ စီးနင်းကြသည်။

အဆိုပါ အမှတ်(၈၃)အဆန်/အမှတ်(၈၄)အစုန် ခေတ်မီလေအေးပေးစက်ပါ DEMU ရထားတွဲဆိုင်း တစ်ဆိုင်းတွင် အထက်တန်းနှစ်တွဲ၊ ပထမတန်း လေးတွဲပါရှိပြီး အထက်တန်းတွင် ၆၆ ဦးနှင့် ပထမ တန်းတွင်၂၂၄ ဦး စုစုပေါင်း ၂၉၀ စီးနင်းလိုက်ပါနိုင်မည်ဖြစ်သည်။

ရန်ကုန် - မော်လမြိုင် - ရန်ကုန်ခရီးစဉ် တစ်လျှောက် တိုးကြောင်ကလေး၊ ပဲခူး၊ သိမ်ဇရပ်၊ ကျိုက်ထို၊ သထုံ၊ ပေါင်ဘူတာများတွင် ရပ်တန့် ပေးမည်ဖြစ်ပြီး လက်မှတ်ခနှုန်းထားမှာ ခရီးစဉ် အစအဆုံး အထက်တန်းအတွက် ငွေကျပ် ၂၂၀၀၀ နှင့် ပထမတန်းအတွက် ငွေကျပ် ၁၆၀၀၀ ကျသင့်မည် ဖြစ်သည်။

ထို့အတူ ရန်ကုန် - မော်လမြိုင်ရထားလမ်းပိုင်း တွင်ပုံမှန်ပြေးဆွဲလျက်ရှိသော အမှတ်(၈၁) အဆန်/ အမှတ် (၈၂) အစုန် လူစီးအမြန်ရထားနှင့် ယနေ့စတင် ပြေးဆွဲသည့် အမှတ်(၈၃)အဆန်/ အမှတ် (၈၄) အစုန် ခေတ်မီ DEMU လူစီးအမြန်ရထားများ၏ ရထားလက်မှတ်များကို Online Railways Tacketing and Payment System (ORTP) စနစ်ဖြင့် လက်မှတ်များ ဝယ်ယူနိုင်ပြီး ခရီးစဉ်အစအဆုံးအတွက် ခုနစ်ရက်နှင့် ကြားဘူတာများအတွက် ငါးရက်ကြိုတင်ဝယ်ယူ နိုင်မည်ဖြစ်သည်။

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ ရန်ကုန်-မော်လမြိုင်-ရန်ကုန်ခရီးစဉ်ကို ခရီးသွား ပြည်သူများ လုံခြုံစိတ်ချစွာဖြင့် သက်သောင့်သက်သာ ရှိစွာ စီးနင်းလိုက်ပါနိုင်ရေး ဝန်ဆောင်မှုတိုးမြှင့် စီစဉ် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ယခင်ကပြေးဆွဲ ချိန် ၈ နာရီ မိနစ် ၃၀ ကြာမြင့်ရာမှ ယခုအခါ အချိန် ၆ နာရီ ခန့်ဖြင့် ရောက်ရှိနိုင်မည်ဖြစ်သည်။

မြန်မာ့မီးရထားအနေဖြင့် လမ်းပိုင်းများပိုမိုကောင်းမွန်လာခြင်း၊ ခေတ်မီအချက်ပြစနစ် တပ်ဆင် အသုံးပြုနိုင်ခြင်း၊ ခေတ်မီစက်ခေါင်း/တွဲဆိုင်းများ အသုံးပြုခြင်းတို့ဖြင့် ရထားအမြန်နှုန်း တိုးမြှင့်ပြေးဆွဲ ပေးလျက်ရှိရာ ပြေးဆွဲချိန် လျှော့ချပေးနိုင်ခဲ့ပြီး ရထားစီးခရီးသည်များ ပိုမိုစိတ်ချမ်းမြေ့စေရေး ဆက်လက်အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်