ရှင်မဟာသီလဝံသမထေရ်မြတ် နှစ် (၅၇၀) ပြည့်  အင်းဝခေတ် မြန်မာစာပေသမိုင်း တစ်ဆစ်ချိုးကို လေ့လာခြင်း

 

စလင်း - စည်သူကျော်ထင်

 

(ယမန်နေ့မှအဆက်)

 

ရာဇဝင်ကျော်ကိုလေ့လာရာတွင် “မင်းတို့၏ ရာဇဝင်ကိုသာမက တိုင်းပြည်မြို့ရွာ စည်ကားကြောင်း ဥပမာကိုလည်း ပြဆိုထားသည်။ ထိုသို့ပြဆိုရာတွင် ရာဇဝင်ကျော် အခန်း(၃)၌ မြတ်စွာ ဘုရားကား တပည့်သားတော်တို့ကို ပြည်ရွာ စီးပွား ရာသော ဥပမာနည်းနာတို့ဖြင့် ဆုံးမတော်မူ၏။ မြို့ထုံးဥပမာဖြင့်လည်း ဆုံးမတော်မူ၏။ မင်းတို့စီးတန်သော ဆင်ပြောင်ရတနာ၊ မြင်းရတနာ ဥပမာတို့ဖြင့် လည်း ဆုံးမတော်မူ၏။ မင်းထိုက်မင်းတန်ဖြစ်သော သူရဲကြီးဥပမာ၊ လေးသည်ကြီး ဥပမာတို့ဖြင့်လည်း ဆုံးမတော်မူ၏။ ရေမြေသနင်းမင်းတို့သည် သက်တော်ရှည်သရွေ့ အောက်မေ့ရာသော အကျင့် တို့၌ ဥပမာတို့ဖြင့် တပည့်သားတော်တို့ကို အသက်ရှိ သရွေ့ အောက်မေ့စေ၏” ဟူ၍ပြဆိုထားသည်။

 

ထိုအဆုံးအမတို့အနက်မှ မြို့ထုံးဥပမာတစ်ခုကို ကောက်နုတ်ဖော်ပြရသော် မြို့အစာ (၄) ပါး ရှိ ကြောင်း ပြဆိုထားသည်။ “မြို့အစာ(၄)ပါးမှာ - (၁) သစ်၊ ဝါး၊ သက်ငယ်၊ ထင်း၊ မြက်၊ ရေ ဟူသော မြို့အစာလည်းတပါး၊ (၂) ဆန်စပါးအစာလည်းတပါး၊ (၃) ပဲကြီး၊ ပဲလွန်း၊ ပဲနောက်၊ နှမ်း အစဟိသော ဟင်းလျာလည်းတပါး၊ (၄) ဆား၊ ပျား၊ ဆီ၊ နွားနို့၊ ထောပတ်၊ စတုမဓူဟူသော ဆေးဝါးအစာလည်းတပါး၊ ဤသို့သော အစာ ၄- ပါးကိုလည်း များစွာသိုမှီးရာ၏။ ဤသို့သောမြို့ကား အတွင်းသားကိုလည်း မွေ့လျော်စေနိုင်၏။ ပြင်သားရန်သူကိုလည်း လုပ်ကြံခွင့် မအားနစ်စေနိုင်သည် မည်၏။” ဟူ၍ ပြဆိုထားသည်။ ထိုကဲ့သို့ ပြဆိုထားသော အချက်များသည် ခိုလှုံရာ အဆောက်အအုံ၊ စားရေရိက္ခာနှင့် ဆေးဝါးများ စုဆောင်းထားရှိရန် လမ်းညွှန်ချက်များပင်ဖြစ်ရာ လက်ရှိအချိန်အထိပင် တိုင်းပြည်မြို့ရွာ စည်ကားကြောင်း လုပ်ဆောင်ရမည့် အချက်များဖြစ်နေဆဲပင်ဖြစ်သည်။ ထိုကဲ့သို့သော အချက်များကပင် ရာဇဝင်ကျော်ကို နိဿယ ကျမ်းအဖြစ်လည်း ကောက်ချက်ချခြင်းဖြစ်နိုင်ပေသည်။

 

ရှေးအကျဆုံး စကားပြေ ပါရာယနဝတ္ထု

 

ပါရာယနဝတ္ထုသည် သာသနာနှစ် ၂ဝ၅၅ တွင် စီရင်ပြီးစီးကြောင်း နိဂုံး၌ ဆိုထားရကား ယခုသာသနာ ၂၅၆၆ နှစ်သို့ ရောက်၍ နှစ်ပေါင်း ၅၁၁ နှစ်ခန့်ရှိလေပြီ။ ရှင်မဟာသီလဝံသထေရ်သည် ကဗျာ၊ လင်္ကာ အသီအကုံး ဝါသနာထုံ၍ ကျွမ်းကျင် သည့်အလျောက် စကားပြေရေးသားရာတွင် လည်းကောင်း၊ ပါဠိဂါထာများ အနက်ပေးရာတွင် လည်းကောင်း ချိတ်ဆက်ကာရန် လင်္ကာသံများ ပါဝင်နေလိမ့်မည်ဟု ထင်မှတ်ရသော်လည်း လုံးဝ ပါဝင်ခြင်း မရှိပေ။ သဒ္ဒါလင်္ကာရခေါ် သာယာနာ ပျော်ဖွယ်အက္ခရာအချိတ်အဆွယ်တို့ဖြင့် တန်ဆာဆင်ခြင်း မရှိမူ၍ အတ္ထာလင်္ကာရခေါ် အာဘော် နှလုံးသွင်း လိုရင်းသိလွယ် အနက်အဓိပ္ပာယ်တို့ဖြင့်သာ တန်ဆာဆင်ထားခြင်း ဖြစ်ပေသည်။ အချို့ ဝေါဟာရစကားလုံးများမှာ ယခုခေတ်လူတို့ မသိနားမလည်နိုင်ဖြစ်သော်လည်း ထိုခေတ်လူတို့အဖို့ ခေတ်သုံးစကားဖြစ်၍ နားလည်နိုင်ပေသည်၊ ဤပါရာယနဝတ္ထုထက် ရှေးကျသော စကားပြေများ ပေါ်ဖူးသည်ဟုဆိုသော်လည်း ထိုစကားပြေများကို ယခုအခါ မတွေ့မမြင်ရတော့သဖြင့် ပါရာယနဝတ္ထုသည် ရှေးအကျဆုံး စကားပြေဝတ္ထုအဖြစ် ပျောက်ပျက် မသွားအောင် စောင့်ထိန်းထားသင့်ပေသည်။

 

ရှင်မဟာသီလဝံသထေရ်သည် ပါရာယနသုတ္တန် တရားကို အခြေခံမူတည်၍ ပါရာယနဝတ္ထုကို အခန်း ကြီးလေးခန်း၊ ဝတ္ထုကြီး ရှစ်ဝတ္ထု၊ ဝတ္ထုငယ်များစွာ တို့ဖြင့် တန်ဆာဆင် စီရင်ရေးသားတော်မူခဲ့သည်။ ပါရာယနဝတ္ထုသည် အခန်း(၁) ရဟန်းတော်များ ကျင့်သုံးလိုက်နာရန် နည်းယူပြဆိုသော အရှင်သာရိ ပုတ္တရာဝတ္ထုနှင့် ရှင်မောဂ္ဂလာန်ဝတ္ထု၊ အခန်း(၂) ရဟန်း မိန်းမထေရီတို့ ကျင့်သုံးလိုက်နာ နည်းယူရန် ပြဆိုသော ခေမာထေရီဝတ္ထုနှင့် ဥပ္ပလဝဏ်ထေရီ ဝတ္ထု။ အခန်း(၃) လူဒါယကာတို့ ကျင့်သုံးလိုက်နာ နည်းယူရန်ပြဆိုသော စိတ္တသူကြွယ်ဝတ္ထုနှင့် ဟတ္ထာဠဝကဝတ္ထု။ အခန်း(၄) လူဒါယိကာမတို့ ကျင့်သုံးလိုက်နာ နည်းယူရန် ပြဆိုသော ဥတ္တရာ မိန်းမမြတ်ဝတ္ထုနှင့် နန္ဒမာတာ မိန်းမမြတ်ဝတ္ထုများ ဖြစ်ကြ၏။ နန္ဒမာတာဝတ္ထုတွင် နန္ဒမာတာရွတ်ဖတ် သရဇ္ဈာယ်သော ပါရာယနသုတ်ကို အကြောင်းရင်းခံ၍ ဤဝတ္ထုတစ်ခုလုံးကိုလည်း ပါရာယနဝတ္ထုဟု အမည်တပ်၍ မှတ်သားခြင်း ဖြစ်ပေသည်။

 

ပါရာယနသုတ်မှာ- ဗာဝရီမည်သော မင်းဆရာ ပုဏ္ဏားရသေ့ကြီးနှင့် အဇိတစသော ပုဏ္ဏားရသေ့ငယ် တပည့် တစ်ကျိပ်ခြောက်ဦးတို့ အသီးသီးမေးအပ်သော ပြဿနာများကို မြတ်စွာဘုရားသခင် အသီးသီးဖြေဆို ဟောကြားတော်မူအပ်သည့် သတ္တနိပါတ် ပါဠိတော်လာ တရားဒေသနာတော် ပင်ဖြစ်သည်။ ပါရာယန၌ ပါရ + အယန ၂ ပုဒ်တွင် ပါရ-သံသရာတဖက်ကမ်း နိဗ္ဗာန်၊ အယန- ရောက်ရာ ရောက်ကြောင်းခရီး၊ ပါရာယန - သံသရာတဖက် ကမ်း နိဗ္ဗာန်နန်းသို့ ကူးသန်းရောက်ရာ ခရီးလမ်း မဟာဟု ဆိုလိုပေသည်။

 

မြန်မာစာပေသမိုင်းတစ်ဆစ်ချိုး

 

မြန်မာစာပေသည် ဗုဒ္ဓစာပေမှတစ်ဆင့် စတင်ထွန်းကားခဲ့ကြောင်း ရှေးပညာရှိကြီးများ၏ အဆိုရှိ သည်။ ဗုဒ္ဓစာပေသည် ဗုဒ္ဓသာသနာကို မြန်မာပြည်၌ ပျံ့နှံ့အောင် ဆောင်ရွက်လိုသည့် ရှင်အရဟံနှင့် အနော်ရထာတို့က အားပေးခဲ့ကြသော စာပေ ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓစာပေကိုမှီ၍ ထွန်းကား လာသော မြန်မာစာပေသည် အထူးသဖြင့် ရဟန်း၊ ကျောင်းနှင့် နန်းတော် အိမ်တော်တို့၌ အများအပြား ဖြစ်ပေါ်လာခဲ့သည်ကို တွေ့ရကြောင်း၊ အကြမ်းအားဖြင့် (၁) ရဟန်းတော်များကစ၍ ရေးကြသော ပျို့၊ မော်ကွန်းနှင့် ဇာတကဝတ္ထုများ၊ (၂) မင်း၊ မှူးမတ်၊ မင်းညီမင်းသား၊ မင်းသမီးစသော နန်းတော်၊ အိမ်တော်စာဆိုတို့ ရေးကြသော ရတု၊ ဧချင်း၊ အဲချင်း၊ လူးတား၊ ရကန်၊ သာချင်း၊ တေးထပ်၊ လေးဆစ်၊ နှစ်ဆစ်၊ မှာတမ်း၊ နန်းတွင်းဇာတ်၊ ပြဇာတ်၊ ရာဇဝင်၊ အရေးတော်ပုံတို့ကို တွေ့ရကြောင်း၊ (၃) ရဟန်းစာဆို၊ ထီးနန်းစာဆို၊ ဆင်းရဲသား စာဆို သုံးမျိုးစလုံးတို့၏ ဗုံကြီးသံ၊ ဗုံထောက်သံ၊ သီချင်း၊ အိုင်ချင်း၊ တျာချင်း၊ နတ်ချင်း၊ ဒုံးချင်း၊ လွမ်းချင်း၊ လေးဆစ်၊ သံချို၊ မေတ္တာစာ၊ ဟောစာတို့ကို တွေ့ရကြောင်း ရှေးဟောင်းမြန်မာစာပေ၏ ယေဘုယျ လက္ခဏာကို ဆရာဇော်ဂျီ၏ “ရသစာပေ အဖွင့်နှင့် နိဒါန်း” စာအုပ်တွင် ဖော်ပြထားသည်။

 

ထိုကဲ့သို့ ပုဂံခေတ်က ဗုဒ္ဓစာပေမှတစ်ဆင့် ဆင်းသက်လာခဲ့သော မြန်မာစာပေသည် မြန်မာ စာပေသမိုင်း၌ တစ်ဆစ်ချိုးဟုခေါ်လောက်အောင် မြင့်မားတိုးတက်ခဲ့လေသည်။ ဤသည်ကို ဆရာ ဇော်ဂျီက “ပုဂံခေတ်ကျောက်စာနှင့် သက္ကရာဇ် ၈၀၀ မှ ၉၀၀ ကျော်ခေတ်က စာများကိုသာလျှင် မြန်မာ စာပေသမိုင်း၌ တောင်ထွတ်ပမာ မြင်နိုင်သောစာများ ဟု ယူဆမိတော့သည်။ ယခုထက်တိုင် အများအပြား ရေးသားနေကြသော မြန်မာစာသည် တောင်အထွတ် တို့နှင့်တူခဲ့သည်ဟုဆိုခဲ့သော မြန်မာစာတို့၏ အရိပ်ကို ခိုလှုံလျက်သာရှိကြပေသေးသည်။ ဥပမာတမျိုး ထပ်၍ ပြရမည်ဆိုလျှင်၊ ပုဂံခေတ်ကျောက်စာနှင့် သက္ကရာဇ် ၈၀၀ မှ ၉၀၀ ကျော်ခေတ်က စာများသည် အိုင်ကြီးများနှင့် တူကြသည်။ ယခု (၁၉၃၀) ကျော် ထက်တိုင်ရေးသားနေကြသော မြန်မာစာသည် ထိုအိုင်ကြီးများမှ စီးဆင်းလျက်နေသော ရေအလျဉ် နှင့်တူသည်”ဟု ရသစာပေအဖွင့်နှင့် နိဒါန်းစာအုပ် တွင် သုံးသပ်တင်ပြခဲ့ပေသည်။ ထို့ကြောင့် မြန်မာ စာပေလေ့လာသူတိုင်းသည် ပုဂံခေတ်ကျောက်စာ နှင့် သက္ကရာဇ် ၈၀၀ မှ ၉၀၀ ကျော်အတွင်း ပေါ်ပေါက် ခဲ့သည့် ရှင်မဟာရဋ္ဌသာရနှင့် ပေလေးပင် ရှင်လေးပါး ဝင် ရှင်မဟာသီလဝံသတို့ အပါအဝင် ထင်ရှား သော စာဆိုတော်ကြီးများ ဖွဲ့ဆိုသော စာပေလက်ရာ များ၏ သိမ်မွေ့ပုံ၊ ခန့်ညားပုံတို့ကို လေ့လာသိရှိနိုင် ကြမည်ဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။

 

 

mdn

 

ရှင်မဟာသီလဝံသစာတော်စာရင်း(အချို့)

ပျို့များ-

(၁) ပါရမီတော်ခန်းပျို့

(၂) တောင်တွင်းလာပျို့

(၃) ဆုတောင်းခန်းပျို့

(၄) သံဝေဂခန်းပျို့

(၅) ဓမ္မပါလပျို့(ရေးဆဲ ပျံလွန်တော်မူသောကြောင့် တပည့်ဖြစ်သူ ပုဂံဆရာတော်က ဆက်လက်ရေးသားရာ ၉၁၁ ခုနှစ်၌ ပြီးဆုံးသည်။)

မော်ကွန်းများ -

(၁) တံတားဦးတည်မော်ကွန်း

(၂) ရွှေနန်းတည်မော်ကွန်း

(၃) ရွှေနန်းကြော့ရှင် နန်းဘွဲ့မော်ကွန်း

(၄) မိတ္ထီလာကန်တော်ဘွဲ့မော်ကွန်း (ရှိရှား ကန်ဘွဲ့မော်ကွန်းဟုလည်းခေါ်သည်။)

 

ဆုံးမစာလင်္ကာ -

(၁) တိလောက-ချီလင်္ကာ

(၂)မွေးသမိခင်- ချီလင်္ကာ

(၃) အသင်္ခါရိက၊ ဉာဏသမ္ပယော - ချီမေတ္တာ စာလင်္ကာ

 

ဧကပိုဒ်ရတု -

(၁) ဤသို့စုံစီ-ချီ ရှင်မဟာသီလဝံသ ဂုဏ်ပြု ရတု

(၂) ဇာတိသန္ဓေ-ချီ ဒုတိယဘုရင်မင်းခေါင်ထံ သွင်းသော မေတ္တာစာရတု

(၃) နွယ်လှရိုးတန်-ချီ ယန္တရားစကြာရတု

 

အဖြည့်ခံရတု-

(၁) မဏိဂူဟာ-ချီရတု (ရှင်မဟာရဋ္ဌသာရက “တရှိတူစွာ”ဟု ဖြည့်သည်။)

 

ပိုဒ်စုံရတု -

(၁)  မဏိစိန္တာ - ချီ ရာဇဝသတီခန်းရတု၊

(၂) အချာပဝရ-ချီ တောင်တွင်းမြို့ဘွဲ့ရတု

 

ကျမ်းစာများ -

(၁) ပါရာယနဝတ္ထု

(၂) ရာဇဝင်ကျော်

(၃) မဟာရဟနီတိ

(၄) နေတ္တိပါဠိတော် နိသျဟောင်း

(၅) ဆုံးမစာစကားပုံ

 

ကျောက်စာများ -

(၁) ထူပါရုံကျောက်စာ

(၂) ရတနာ့ဗိမာန်ကျောင်းတော်ကျောက်စာ

 

ကိုးကား -

(၁) ရာဇဝင်ကျော်၊ ရှင်မဟာသီလဝံသ။

(၂) ပါရာယနဝတ္ထု၊ ရှင်မဟာသီလဝံသ။

(၃) မြန်မာဆိုတာ၊ ဒေါက်တာသန်းထွန်း။

(၄) ရသစာပေအဖွင့်နှင့်နိဒါန်း၊ ဆရာဇော်ဂျီ။