ရှင်ဗွေယန် ၆ ဧပြီ
ကချင်ပြည်နယ် ရှင်ဗွေယန်မြို့နယ်၌ ဧပြီ ၆ ရက် နံနက်ပိုင်းက ထောက်ပံ့ရေးယာဉ်တစ်စီး တံတားပေါ်ဖြတ်သန်းမောင်းနှင်စဉ် တံတားကျိုးကျခဲ့၍ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၈ နာရီခွဲက UNICEF မှ ထောက်ပံရေးအာဟာရမုန့်များ တင်ဆောင်ကာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်နေ ယာဉ်မောင်း ဦးမျိုးကို(၄၅ နှစ်)မောင်းနှင်ပြီး ဦးကျော်ထွန်း(၂၈ နှစ်)လိုက်ပါလာသည့် ယာဉ်အမှတ် 8H/MDY---- UD ၁၂ ဘီးယာဉ်သည် ရှင်ဗွေယန်မြို့နယ်၊ ခလုံးကျေးရွာအုပ်စု၊ တဆိပ်ကျေးရွာအဝင်ရှိ အလျှား ၂၂၀ ပေ၊ အကျယ် ၁၈ ပေ၊ အမြင့် ၄၀ ပေရှိ သံဘောင်ဘေလီတံတား တံတားအမှတ်(၁/၁၂၅)ပေါ်သို့ ဖြတ်သန်းမောင်းနှင်စဉ် တဆိပ်ဘက်အခြမ်း ပေ ၆၀ အကန့်တစ်ကန့်ကျိုးကျခဲ့၍ ယာဉ်နှင့်အတူ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်ပါ တံတားအောက်ချောင်းအတွင်းသို့ ပြုတ်ကျခဲ့သည်။
ဖြစ်စဉ်ကြောင့် ယာဉ်မောင်းဦးမျိုးကို၏ ယာဘက်မျက်ခုံးဘေးနှင့်မျက်လုံးအောက် ပေါက်ပြဲဒဏ်ရာ၊ ယာဉ်နောက်လိုက် ဦးကျော်ထွန်းတွင် အပေါ်နှုတ်ခမ်းကွဲ၊ မေးအောက်ပေါက်ပြဲဒဏ်ရာရရှိကာ ရှင်ဗွေယန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန်ပို့ဆောင်ထားကာ တံတားကျိုးကျမှုအား တာဝန်ရှိသူများမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)


