ရှမ်းယူနိုက်တက်နှင့် ဘင်ဒေါင်းအသင်း ဧပြီ ၁၆ ရက်တွင် ကစားမည်

၂၀၁၉ ရာသီ AFC Cup ပြိုင်ပွဲ အုပ်စုပွဲစဉ် (၄) အဖြစ် ဗီယက်နမ်ကလပ် ဘင်ဒေါင်းအသင်းနှင့် မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းသည် ဧပြီ ၁၆ ရက်  မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲတွင် ဗီယက်နမ်နိုင်ငံ၌ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

 

ယင်းပွဲမှာ မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းအတွက် အဆုံးအဖြတ်ပွဲဖြစ်ပြီး အနိုင်၇မှသာ နောက်တစ်ဆင့်တက်ရန် ဆက်လက်မျှော်လင့်နိုင်မည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပထမအကျော့ အုပ်စုသုံးပွဲစလုံး ရှုံးနိမ့်ထားသောကြောင့် မဖြစ်မနေနိုင်ပွဲရရန် လိုအပ်နေခြင်းဖြစ်သည်။

 

ရှမ်းယူနိုက်တက်အသင်းသည် ပထမအကျော့အိမ်ကွင်းပွဲတွင် ဘင်ဒေါင်းအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ထားသည်။ ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ် ဦးအောင်နိုင်က ''ဘင်ဒေါင်းအသင်းနဲ့ပွဲအတွက် အကောင်းဆုံးပြင်ဆင်ထားပါတယ်။ ပြီးခဲ့တဲ့ပွဲတွေမှာ ရလဒ်မကောင်းခဲ့တဲ့အတွက် ဒီပွဲမှာ ရလဒ်ကောင်း တစ်ခုရယူနိုင်ဖို့ လိုပါတယ်။ ပြိုင်ဘက်အသင်းက ကျွန်တော်တို့ထက် ခြေစွမ်းမြင့်တဲ့ အသင်းဖြစ်ပြီး အရည်အသွေးရှိတဲ့ ကစားသမားတွေလည်း ရှိပါတယ်။ ကျွန်တော်တို့အသင်း ရလဒ်ကောင်းအောင် ပြင်ဆင်ထားပါတယ်''ဟု ပြောကြားသည်။

 

ရှမ်းယူနိုက်တက်အသင်းသည် AFC Cup ပြိုင်ပွဲတွင် နှစ်ကြိမ်ဆက်တိုက် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး ၂၀၁၈ ရာသီပြိုင်ပွဲတွင် ရလဒ်မကောင်းခဲ့သလို ယခုရာသီတွင်လည်း နိုင်ပွဲမရသေးပေ။

 

ရှမ်းယူနိုက်တက်အသင်းသည် ပြည်တွင်းလိဂ်တွင် ရလဒ်ကောင်းနေသော်လည်း AFC Cup ပြိုင်ပွဲတွင် ရုန်းကန်နေရပြီး ပထမအကျော့တွင် ဖိလစ်ပိုင်ကလပ် ဆီရက်စ်အသင်းကို အဝေးကွင်းတွင် သုံးဂိုး-နှစ်ဂိုး၊ အင်ဒိုနီးရှားကလပ် ပါဆီဂျာအသင်းကို အိမ်ကွင်းတွင် သုံးဂိုး-တစ်ဂိုး၊ ဗီယက်နမ်ကလပ် ဘင်ဒေါင်းအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် သုံးပွဲစလုံး ရှုံးနိမ့်ခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်