ရှမ်းရွာသစ်မြို့တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသော သံပရာသီးပေါ်ချိန်ဖြစ်၍ မိသားစုအပိုဝင်ငွေရရှိ

ရှမ်းရွာသစ် ဇွန် ၂၇

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ နေအိမ်ခြံဝင်းအတွင်း၌ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားပြီး မိုးဦးကျကာလ၌ လှိုင်လှိုင်ထွက်ရှိသော သံပရာသီးများ ရောင်းချ၍ မိသားစု အပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

 

သံပရာပင်စတင်စိုက်ပျိုးချိန်တွင် စိုက်ပျိုးသည့်မြေသည် ရေစီးရေလာကောင်းမွန်သည့် မြေဖြစ်သင့်ပြီး နေရောင်ခြည်ကောင်းမွန်သည့် နေရာတွင် စိုက်ပျိုးလျှင် ပန်းများများပွင့်၍ အသီးများစွာသီးကြောင်း၊ အဓိကအားဖြင့် မိုးရာသီနှင့် နွေဦးပိုင်းတွင် အသီးများများသီးကြောင်း၊ ပြုံပြွတ်ပြီးသီးနေသည့် အသီးများထဲမှ တစ်ချို့အသီးများကို ခြွေပေးခြင်းမှ အရွယ်အစားကြီးမားသည့် အသီးများရရှိကြောင်း၊ သံပရာပင်စိုက်ပျိုးပြီးချိန်တွင် ရေများကိုလည်း လုံလုံလောက်လောက်ရရှိအောင် ဆောင်ရွက်ပေးရကြောင်း၊  မိုးဦးကာလ သံပရာသီးပေါ်ချိန်တွင် သံပရာသီးစိုက်ပျိုးသည့် ဒေသနေပြည်သူများ ဝင်ငွေများစွာရရှိလျက်ရှိရာ အသီးအရွယ်အစားပေါ်မူတည်၍ တစ်လုံးလျှင် ငွေကျပ်(၅၀)မှ (၁၀၀)နှုန်းဖြင့် ရောင်းဝယ်လျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေကြောင်း သံပရာပင်စိုက်ပျိုးထားသည့် ဒေသနေ ပြည်သူတစ်ဦးထံမှ သိရသည်။

 

ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုရှိပြီး ဒေသနေပြည်သူအများစုသည့် တောင်ယာလုပ်ငန်း၊ လယ်ယာလုပ်ငန်းနှင့် တွဲဖက်ကာ တစ်ပိုင်တစ်နိုင် ‘ဝဥ’ စိုက်ပျိုးတူးဖော်ရောင်းချသည့်လုပ်ငန်း၊ ဥယျာဉ်ခြံမြေထဲတွင် ရာသီပေါ်သီးနှံစိုက်ပျိုးရောင်းချသည့် လုပ်ငန်းများကို အဓိကထား လုပ်ကိုင်ဆောင်ရွက်ကြောင်း သိရသည်။

           

ဇင်လေး(ပြန်/ဆက်)