လားရှိုး ၂၂ မေ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ  နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ စနစ်တကျ လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိသည်။

 

ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာတွင် မူဆယ်မြို့၊ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များမှတစ်ဆင့် ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများကို  စနစ်တကျစိစစ်၍ လားရှိုးမြို့အထိ မော်တော်ယာဉ်များဖြင့် လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိပြီး လားရှိုးမြို့မှတစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့်ပြည်နယ်အသီးသီးသို့ မြန်မာ့မီးရထား ခရီးစဉ်ဖြင့် မေ ၆ ရက်နေ့မှစတင်၍ ပို့ဆောင် ပေးလျက်ရှိရာတွင် ယမန်နေ့က  နေရပ်ပြန်ပြည်သူ ကျား(၂၂၉)ဦး၊ မ (၁၇၁)ဦး စုစုပေါင်း (၄၀ဝ)ဦး တို့အား စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။

 

အဆိုပါ နေရပ်ပြန် ပြည်သူ (၄၀ဝ)ဦး တို့တွင် ကချင်ပြည်နယ်မှ(၆၅)ဦး၊ ချင်းပြည်နယ်မှ (၁)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၈၅)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၆၁)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၁၁၇)ဦး၊ မွန်ပြည်နယ်မှ(၁)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ(၃)ဦး၊ ရခိုင်ပြည်နယ်မှ(၃၃)ဦး၊ နေပြည်တော်မှ(၅)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၂၉)ဦး တို့ဖြစ်ကြသည်။

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် ထပ်ဆင့်လွှဲပြောင်းပို့ဆောင်ပေးရာတွင် စားသောက်နေထိုင်ရေး ကိစ္စရပ်များ၊ ကျန်းမာရေးစစ်ဆေးခြင်းများ၊ ညအိပ်တည်းခိုရေးကိစ္စရပ်များ၊ သယ်ယူပို့ဆောင်ရေးကိစ္စရပ်များ စီစဉ်ဆောင်ရွက်ပေးခြင်းတို့ကို ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် လားရှိုးခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုဦးစီးဌာန(တွဲဖက်ပြည်နယ်ရုံး)လားရှိုးမှ တာဝန်ရှိသူများ၊ မြန်မာ့မီးရထားလုပ်ငန်းမှ တာဝန်ရှိသူများ၊ မြို့နယ်ပုဂ္ဂလိက ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီမှ တာဝန်ရှိသူများ၊ ပရဟိတအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များက လိုအပ်သည်များကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

 

နန်းသန္တာဦး(ပြန်/ဆက်)

 

mdn