ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ငွေကျပ် ၂၈ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၂၆

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ငွေကျပ် ၂၈ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် နိုဝင်ဘာ ၂၁ ရက် နံနက် ၁၀ နာရီခွဲတွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ မအီရှဲန်ကျွဲ့ ၏ နေအိမ်ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုး ငွေကျပ် ၂၈ ဘီလီယံ ကျော်တန်ဖိုးရှိ Ecstasy ဆေးပြား ၆၁၆,၀၀၀ ၊ စိတ်ပြောင်းဆေးဝါးများ ရောစပ်ထားသော အမှုန့် (Happy Water) ၁၁၃ ဒသမ ၀၄ ကီလို၊ Erimin-5 ဆေးပြား ၃၅,၀၀၀ နှင့် Honda မော်တော်ယာဉ် ၁ စီးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ပြစ်မှုကျူးလွန်သူများနှင့် ဆက်စပ်ပါ ဝင်သူများ၏ ငွေကြေးပစ္စည်းများ၊ ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေအရ ထပ်မံအရေးယူနိုင်ရေးနှင့် ကွင်းဆက်ပြစ်မှု ကျူးလွန်သူ များအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)