တောင်ကြီး   ၁၄  ဧပြီ

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှု၊ ကမ္ဘောဇဘဏ်၏ ကူညီထောက်ပံ့မတည်မှုဖြင့် ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီနှင့် ပြည်နယ် ကျန်းမာရေးထောက်အကူပြုပစ္စည်းများ စီမံခန့်ခွဲမှုကော်မတီ အနေဖြင့် တိုက်နယ်ဆေးရုံများ၊ ကျေးလက်ဆေးပေးခန်းများနှင့် ကျန်းမာရေးစောင့်ကြည့် စခန်းများအရောက် နေ့စဉ်ထောက်ပံ့ရေးပစ္စည်းများနှင့် ကာကွယ်ရေးပစ္စည်းများ လှူဒါန်းလျက်ရှိသည်။

 

ထိုသို့ လှူဒါန်းလျက်ရှိရာတွင် ဧပြီ ၁၃ ရက်တွင် ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့အတွက် ဆန်အိတ် ၁၀၀၀၊ ကြက်ဥအလုံး ၅၀၀၀ ကိုလည်းကောင်း၊ တောင်ကြီးမြို့ မိခင်နှင့်ကလေး ဆေးရုံကြီးအတွက် PPE အစုံ ၂၀၊  Hand Gel ၂၀ ဗူး၊ မျက်မှန် ၅၀ ကိုလည်းကောင်း၊ အထက(၂) အေးသာယာ စောင့်ကြည့်စခန်းအတွက် Mask ၂၀၀ နှင့် ကြက်ဥ အလုံး ၃၆၀ ကိုလည်းကောင်း၊ ကလောနှင့် ဘော်ဆိုင်း စောင့်ကြည့်စခန်းနှင့် တိုက်နယ်ဆေးရုံတို့အတွက် PPE ၂၀ စုံ၊ Hand Gel ၄၀ ဗူး၊ လက်သန့်ဆေးရည် ၄ ဗူး၊ Mask ၅၀၀ နှင့် ကြက်ဥအလုံး ၆၀၀ ကိုလည်းကောင်း နောင်တရားဒေသတွင်း ဖြန့်ဝေရန်အတွက် PPE ၅ စုံ၊ ဆပ်ပြာ ၃၆ ဗူး၊ Mask ၂၀၀ နှင့် ကြက်ဥအလုံး ၃၆၀ ၊ အရက်ပြန် ၁၂ ပုလင်း၊ ရွှေမြန်မာလက်သန့်ဆေးရည် ၂၄ ပုလင်းနှင့် Boot  ၅ ခု တို့ကိုလည်းကောင်း၊ ပင်မီဂေါက်ကလပ်အောင်ပန်းအတွက် ကြက်ဥအလုံး ၃၆၀ တို့ကို လည်းကောင်း ပေးအပ်လှူဒါန်းသည်။

 

ထို့ပြင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၏ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းခရီးစဉ်တွင် ဆေးရုံ၊ ဆေးခန်းများတွင် အသုံးပြုရန်အတွက် ဆပ်ပြာဗူး ၂၀၀၊ လက်အိတ် ၁၂၀၀ ၊ မျက်မှန် ၁၀၀ လက်၊ Mask ၃၂၀၀ ခု၊ ရွှေမြန်မာအရက်ပြန်နှင့် လက်သန့်ဆေးရည် ၁၄၄ လုံးတို့ကို ပေးအပ်လှူဒါန်းခဲ့သည်။

 

ထို့ပြင် ရန်ကုန်မြို့ရှိ ဆေးရုံမှ ဝန်ထမ်းများအသုံးပြုရန် လိုအပ်လျှက်ရှိသော PPE အစုံ ၂၀ နှင့် mask ၁၀၀၀ တို့ကိုလည်း မြန်မာ့စာတိုက်အမြန်ချောပို့လုပ်ငန်းမှတစ်ဆင့် ပေးပို့လှူဒါန်းခဲ့ပြီး ကော်မတီအနေဖြင့် ပြည်နယ်အတွင်း စားနပ်ရိက္ခာနှင့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ လိုအပ်လျက်ရှိသော ခရိုင်မြို့နယ် အသီးသီးသို့လည်း နေ့စဉ် ပေးအပ်လှူဒါန်းလျက်ရှိကြောင်း ယင်းကော်မတီမှ သိရသည်။

 

စေတနာရှင် အလှူရှင်များအနေဖြင့်လည်း ကော်မတီသို့ စားနပ်ရိက္ခာနှင့် ပစ္စည်းများ လာရောက်လှူဒါန်းလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ဝင်းကုဋေ မွေးမြူရေးလုပ်ငန်းမှ ကြက်ဥအလုံး ၃၆၀၀ ကို  လာရောက်လှူဒါန်းသည်။ 

 

ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ၏ လုပ်ငန်းများကို ရွှေပအိုဝ်းရောင်တော်ဖွင့် လူငယ်ပရဟိတအဖွဲ့ဝင် (၇)ဦးနှင့် ရုံးအဖွဲ့ဝင် ၁၅ ဦး စုစုပေါင်း ၂၂ ဦးဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 

စိုးညွန့်ရွှေ(ပြန်/ဆက်)