ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းထားရာ ပွင့်ဖြူမြို့နယ်မှ ရေပုတ်ကြီးရွာ

ပွင့်ဖြူ၊ ၁၂      ဖေဖော်ဝါရီ

ရေပုတ်ကြီးရွာသည် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်တွင် တည်ရှိသည်။ ယခင်က ရေပုတ်ကြီးရွာကို ရွာအရှေ့ဘက်၌ရှိသည့် ကန်ကြီးသည် ငှက်တစ်ကောင်၏ အစာဇလုတ်ပုံ ဖြစ်နေခြင်းကြောင့် ရေဇလုတ်ကြီးရွာဟု ခေါ်ဆိုရာမှ ကာလရွေ့လျောလာသည့်အခါ ရေပုတ်ကြီးရွာဟု အမည်တွင်ခဲ့ခြင်းဖြစ်သည်။

ရေပုတ်ကြီးရွာ၏ ထူးခြားချက်မှာ တောခေါင်ခေါင်ရွာ မဟုတ်ဘဲ ရွာမှ ကလေးငယ်လေးများဟာ ရှေးရိုးစဉ်လာမပျက် ဝတ်စားဆင်ယင်ကာ နေထိုင်ကြခြင်းပင်ဖြစ်သည်။ ယောကျ်ားလေးများရော မိန်းကလေးများပါ ဆံပင်ကို ဆံရစ်ဝိုင်းထားကြသည်မှာ ငါးနှစ်သားအရွယ်မှဖြစ်ပြီး အိမ်ထောင်ကျသည့် အခါမှာတော့ မိန်းကလေးများက ဆံထုံးဆံတောက်တွေ ထားကြပြီး ယောကျ်ားလေးများကတော့ ဘိုကေဆံပင်ပုံ ပြန်ထားကြကြောင်း သိရသည်။

ရေပုတ်ကြီးရွာတွင် အိမ်ခြေပေါင်း ၆၇၃ အိမ်ရှိပြီး အိမ်ထောင်စုပေါင်း ၆၂၂ စုနဲ့ လူဦးရေ ၃၄၀၀ ကျော်ရှိကာ ဆံရစ်ဝိုင်းထားသူ ကလေးငယ် ၇၀၀ ကျော်သည် ရှေးနှစ်ပေါင်း ၂၀၀ ကျော် အဘိုးအဘွားများ လက်ထက်မှ ယနေ့အချိန်အထိ ထိန်းသိမ်းလာခဲ့ခြင်းဖြစ်ကြောင်း ရေပုတ်ကြီးရွာ အုပ်ချုပ်ရေးမှူး ဦးလူဝင်းထံမှ သိရသည်။ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကထား လုပ်ကိုင်ကြသော်လည်း မိုးတွင်းမှာသာ စိုက်ပျိုးနိုင်ကြပြီး ဆောင်တွင်းနှင့် နွေရာသီများတွင် ရွာကကုန်းမြင့်ဖြစ်၍ ဆည်ရေမတက်သည့်အတွက် မစိုက်ပျိုးနိုင်ဘဲ မိရိုးဖလာ ရက်ကန်းလုပ်ငန်းများကိုသာ လုပ်ကိုင်ရကြောင်းလည်း သိရသည်။

ရွာ၏အရှေ့ဘက်တွင်ရှိသော ကန်ကြီး၏လှပမှု၊ ရွာ၏တင့်တယ်မှု၊ ရွာဦးထိပ်တွင်ရှိသော ဘုရား၊ တန်ဆောင်း၊ ကန်၊ ကျောင်းများ၏ ကျက်သရေ မင်္ဂလာနှင့် ပြည့်စုံသည့်အပြင် ရွာမှကလေးငယ်လေးများ၏ ဆံရစ်ဝိုင်း ပုံလေးများဖြင့် ရိုးရာယဉ်ကျေးမှုမှာ အသွင်သဏ္ဍန်မပျက်ဘဲ ခရီးသွား ပြည်သူများအား ဆွဲဆောင်မှု ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)