ရိုက်ကွင်းကနေ ဒဏ်ရာတွေနဲ့ ပြန်လာရတာ ပုံမှန်ဖြစ်ကြောင်း ဒန်နီယန် ဆို

ဟောင်ကောင်တိုက်ခိုက်ရေး ရုပ်ရှင်တွေနဲ့ ကျော်ကြားတဲ့ မင်းသားကြီး ဒန်နီယန်ရဲ့ ရုပ်ရှင်သစ်ကို စင်ကာပူမှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာလက်ရှိမှာ တိုက်ခိုက်ရေးရုပ်ရှင်သစ် တစ်ကားကိုလည်း လက်ခံရိုက်ကူးနေပါတယ်။ ဒီလိုတိုက်ခိုက်ရေးရုပ်ရှင်တွေကို အနုပညာသက်တမ်း တစ်လျှောက် ရိုက်ကူးလာတဲ့ ဒန်နီယန်က သူ့အတွက်တော့ ဒဏ်ရာဒဏ်ချက်တွေနဲ့ ရိုက်ကွင်းကနေ အိမ်ကို ပြန်ရတဲ့နေ့တွေဟာ အထူးအဆန်းမဟုတ်ဘဲ ပုံမှန်ဖြစ်နေကျအရာတွေဖြစ်ကြောင်း လတ်တလောပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့တယ်လို့ အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

Raging Fire လို့ အမည်ရတဲ့ တိုက်ခိုက်ရေးရုပ်ရှင်သစ်မှာ အသက် ၅၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မင်းသားကြီး ဒန်နီယန်ဟာ အသက် ၄၀ အရွယ် မင်းသား နီကိုလက်စ်နဲ့ တွဲဖက်ရိုက်ကူးထားတာပါ။ ယင်းရုပ်ရှင်သစ်မှာ တွေ့မြင်နေကျ ဟောင်ကောင် ရုပ်ရှင်တွေမှာလိုပင် တိုက်ခိုက်မှုတွေ၊ ကားတွေနဲ့ အပြိုင်လိုက်ကြတဲ့ အခန်းတွေပါဝင်ပြီး ၁၉၈၀ ပြည့် နှစ်တွေအတွင်းကျော်ကြားခဲ့တဲ့ဟောင်ကောင် သရုပ်ဆောင်တွေလည်း ပါဝင်ထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဒန်နီယန်က တိုက်ခိုက်ရေး ရုပ်ရှင်တွေကို ရိုက်ကူးခဲ့ချိန်တိုင်း သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာရမြဲဖြစ်ကြောင်းနဲ့ ဒီလိုဒဏ်ရာတွေ မရဘူးဆိုပါကလည်း ပရိသတ်တွေအတွက် သူ့ရဲ့ ပေးဆပ်မှုတွေကို ပြသနိုင်မှာမဟုတ်ကြောင်းလည်း ဒန်နီယန်က ဆိုပါတယ်။

အေးပြည့်