ရေဖြူ ဇန်နဝါရီ ၁၈
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ပထမရာသီကုန်ချိန် ရော်ဘာဈေးမြင့်တက်လာမှုကြောင့် ရော်ဘာလုပ်ငန်း လုပ်ကိုင်သူများ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
၂၀၂၁ ခုနှစ် ကုန်ခါနီးတွင် ရော်ဘာအလွတ်ပြားဈေးနှုန်း တစ်ပေါင်လျှင် ၉၀၀ ကျပ်အထိသာ ဈေးပေါက်ခဲ့သော်လည်း ယခု ဇန်နဝါရီလလယ်တွင် ၁၀၇၀ ကျပ်အထိ ဈေးရနေကြောင်း သိရသည်။
"အရင်နှစ်တွေတုန်းက တစ်ပေါင် ၇၀၀ ကျပ်ပဲ ရတယ်ဆိုတော့ ခြံရှင်အတွက်ရော အစေးလှီးတဲ့ အလုပ်သမားအတွက်ပါ သိပ်မကိုက်ဘူးဗျ။ ဒီနှစ် ဒီ ပထမရာသီမှာ တဖြည်းဖြည်းနဲ့ တစ်ထောင်ကျော်လာပြီဆိုတော့ ရှိသမျှခြံတွေလည်း ခြံဖွင့်အစေးလှီးကြတယ်။ ခြံရှင်အတွက်ရော အလုပ်သမား မိသားစုစားဝတ်နေရေး အဆင်ပြေတယ်ဗျ" ဟု ရော်ဘာခြံလုပ်ငန်းပိုင်ရှင် ဦးမျိုးနိုင်က ပြောသည်။
ရေဖြူမြို့နယ်တွင် ရော်ဘာခြံလုပ်ငန်း ခြံရှင်နှင့် အစေးလှီးအလုပ်သမားသည် ဝင်ငွေ၏ ထက်ဝက်စီ ရယူလုပ်ကိုင်ကြသူများပြီး ယခု ဇန်နဝါရီလလယ်မှစကာ ရွက်ကြွေ၍ ပထမရာသီတွင် အစေးလှီးခြင်းလုပ်ငန်းများ တစ်လလောက်ရပ်နားထားကြောင်း၊ ရွက်သစ်ပြန်ထွက်ချိန် ဖေဖော်ဝါရီ လလယ်လောက်တွင် ဒုတိယရာသီလုပ်ငန်းများ ပြန်လည်စတင်မည် ဖြစ်ကြောင်း သိရသည်။
ခတ္တာ