ရေနံချောင်း ၁ မေ
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံဖြိုးရေးရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ကို ရပ်ကွက်/ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီများထံသို့ ခွဲဝေလွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသာချိုနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်း တို့က မိမိတို့မြို့နယ်တွင် ယခုဘဏ္ဍာနှစ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၂၇ ခု အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ရပ်ကွက်/ကျေးရွာ ကော်မတီများအနေနဲ့ လုပ်ငန်း အရည်အသွေး ကောင်းမွန်စေရန် စနစ်တကျ ကြပ်မတ်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟောက ရပ်ကွက်/ကျေးရွာများအလိုက် ရရှိမည့် လုပ်ငန်းအမျိုးအစား များနှင့် ခွဲဝေပေးမည့် ရန်ပုံငွေများကို ရှင်းလင်းပြောကြားပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက လုပ်ငန်းရရှိသည့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များထံသို့ ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခဲ့သည်။
ရေနံချောင်းမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ဖြင့် လမ်း/တံတားလုပ်ငန်း ၂၁ ခု၊ ပညာရေးလုပ်ငန်း ၃ ခု၊ ရေရရှိရေးလုပ်ငန်း ၂ ခုနှင့် အခြားလုပ်ငန်း ၁ ခု စုစုပေါင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၂၇ ခုကို လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာ ဖွံ့ဖြိုးရေးကော်မတီများပူးပေါင်း၍ လုပ်ငန်းများအရည်အသွေးပြည့်မီစေရန် ကြီးကြပ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုစိုးကြီး


