နေပြည်တော် နိုဝင်ဘာ ၁၁
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ သွေးစည်းညီညွတ်ရေးအစီစဉ်ဖြင့် ရေကူးနည်းပြ သင်တန်းဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း Gold Camp ရှိ Multipurpose Hall ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ရေကူးအားကစားနည်းသည် အိုလံပစ်အားကစားနည်း ဖြစ်သည့်အပြင် ဆုတံဆိပ်များစွာ မျှော်မှန်းနိုင်သည့် အားကစားနည်းဖြစ်သည့်အတွက် ရေကူးအားကစားနည်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အတူတကွကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
နိုင်ငံတကာနှင့် ရင်ပေါင်တန်းပြီး ခေတ်မီတိုးတက်သိပ္ပံနည်းကျသည့် နည်းစနစ်များ၊ နည်းဗျူဟာများ၊ ခေါင်းဆောင်မှု အရည်အချင်းများကို မျက်ခြေပြတ်မသွားစေရန် ပြည်တွင်း၌ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ နည်းပြများ၊ ဒိုင်လူကြီးများနှင့် အားကစားတွင် တာဝန်ယူ ဆောင်ရွက်လျက်ရှိသူများကို ပြည်ပနိုင်ငံများသို့ နိုင်ငံတကာအားကစားအတွေ့အကြုံများ ရယူနိုင်ရန် စေလွှတ်ပေးလျက်ရှိကြောင်း။
သင်တန်းတွင် သင်တန်းသားများအနေဖြင့် စာတွေ့၊ လက်တွေ့သင်ကြားပို့ချမှုများကို မိမိတို့ ရှိပြီးသား အတွေ့အကြုံကောင်းများနှင့် ပေါင်းစပ်ပြီး မြန်မာ့ရေကူးအားကစားအဆင့်အတန်း တိုးတက် မြင့်မားရေးအတွက် အစွမ်းကုန်ပြန်လည်အသုံးချ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် စာတွေ့လက်တွေ့ပို့ချသင်ကြားပေးမည့် ကမ္ဘာ့ရေကူးအဖွဲ့ချုပ်မှ တာဝန်ပေးအပ်သော နည်းစနစ်ကျွမ်းကျင်သူ အမေရိကန်နိုင်ငံမှ Mr. Buddhi Manoj Abeysinghe ကလည်း နှုတ်ခွန်းဆက်စကား ပြောကြားသည်။
အဆိုပါသင်တန်းကို သင်တန်းသား/သင်တန်းသူ ၂၉ ဦးဖြင့် နိုဝင်ဘာ ၁၆ ရက်အထိ ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်