ရေကြောင်းကုန်စည်ပို့ဆောင်မှုများ ထက်ဝက်နီးပါး ကျဆင်းလာ

မန္တလေး  ၃၀  စက်တင်ဘာ

 

ရေကြောင်းကုန်စည်ပို့ဆောင်မှုများ ယခင်ကထက် တစ်ဝက်နီးပါးလျော့နည်း ကျဆင်းလာကြောင်း မန္တလေးမြို့ရှိ ကုန်တင်ရေယာဉ်ပိုင်ရှင်များထံမှ သိရသည်။

 

ရေယာဉ် အသွားအလာတွေ ကုန်သည်ရတဲ့ အနေအထားတွေမှာ အဘက်ဘက်က ကျဆင်းနေပါတယ်။ ယခုလက်ရှိမှာ ဧရာဝတီဖွံ့ဖြိုးရေးအတွက် ကျောက်စရစ်ခဲများ၊ ဘိလပ်မြေစက်ရုံများအတွက် ကလေးဝနှင့် နိုင်ငံခြားမှ ဝယ်ယူထားသော ကျောက်မီးသွေးများ သယ်ယူပို့ပေးရတယ်။ ကျောက်မီးသွေးပို့တာက တစ်နှစ်ပတ်လုံးပို့ရတယ် မရှိပါဘူး။ သူတို့လိုအပ်တဲ့ အချိန်တွေလောက်ပဲ ပို့ပေးရတယ်။ ဟု ကုန်တင်ရေယာဉ်ပိုင်ရှင်အသင်း အထွေထွေ အတွင်းရေးမှူး ဦးသက်ညိုဝင်းအောင် ကပြောသည်။

 

ယခင်သစ်လုံးများကို ရန်ကုန်နှင့်နိုင်ငံခြားသို့ သယ်ယူပို့ဆောင်ရန် သင်္ဘောများတိုးဆောက်ခဲ့ရာမှ ယခုအခါ သစ်တောများ မခုတ်ရခြင်း၊ သစ်အလုံးလိုက်ပို့ခွင့်မရှိခြင်းများကြောင့် supplyနှင့် demand မမျှခြင်း၊ ယခင် ဖားကန့်သို့ ဆီသယ် ပို့ခြင်းသည် ကျောက်စိမ်းတွင်းများ သက်တမ်းကုန်၍ ရပ်နားချိန်ဖြစ်သည့်အတွက် ဆီသယ်မှုနည်းသွားခြင်း၊ စက်သုံးဆီ ပိုင်ရှင်အချို့သည် သင်္ဘောရေယာဉ်များတည်ဆောက်လာခြင်း စသည့်အချက်များကြောင့် ကုန်စည်များရှားပါးကာ ယခင်က တစ်နှစ်လျှင် အစုန်အဆန် ၇ခေါက်၊၈ခေါက်မျှ ပြေးဆွဲနေရသော ရေယာဉ်များသည် ယခုအခါတွင် ၄ခေါက်၊၅ခေါက်ထိ တစ်ဝက်မျှ လျော့ကျသွားကြောင်း ၄င်းမှ ဆက်၍ ပြောသည်။

 

ကုန်စည်တွေကတော့ သိသိသာသာပါးသွားတယ်။ ရေယာဉ်တွေကတော့ အများကြီးပဲ။ ကုန်မရတာတွေ၊ တန်ဆာခဈေးနှုန်း သတ်မှတ်လို့မရတာတွေ၊ ဆိပ်ကမ်းတွေမှာ စနစ်တကျ လုပ်ကိုင်မှုမရှိတဲ့ အခက်အခဲတွေ ကြုံတွေ့နေရတယ်။အခုတလော ကျောက်၊ သံ၊ ဆီ၊ ဘိလပ်မြေ၊ ကျောက်မီးသွေး စတဲ့ကုန်တွေကို သယ်ပို့ပေးနေရတယ်။ ဟု မန်းရွှေညွန့် ရေယာဉ်အုပ်စု သယ်ယူပို့ဆောင်ရေးနှင့် ရွှေညွန့်သဘောꧥကျင်းဦးဆောင်သူ ဦးအောင်မျိုးထွန်းမှ ပြောသည်။

 

ပြည်တွင်းရေကြောင်းကုန်စည်ပို့ဆောင်ရေး၊ ဝန်ဆောင်မှု လုပ်ငန်းများ ရေရှည် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူဝါဒများကို ချမှတ်ဆောင်ရွက်နိုင်ရန်၊ နိုင်ငံတော်အစိုးရနှင့် လက်တွဲဆောင်ရွက်ရန်၊ နိုင်ငံတော်က ချမှတ်သော စီးပွားရေးမူဝါဒများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ၂၀၁၃ခုနှစ်၊စက်တင်ဘာလ၊၄ရက်နေ့တွင် မန္တလေး တိုင်းဒေသကြီး ကုန်သည်ရေယာဉ် ပိုင်ရှင်များအသင်းကို စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၄ခုနှစ်၊ဖေဖော်ဝါရီလ၊၆ရက်နေ့တွင် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ယာယီဖွဲ့စည်းခွင့်လက်မှတ် အမှတ်(၁/၂၀၁၄)ဖြင့် ခွင့်ပြုပေးခဲ့ကာ ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလ၊၂၀ရက်နေ့တွင် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အသင်းမှတ်ပုံတင်ခွင့် လိုင်စင်အမှတ် (၁၄၉/၂၀၁၆-၂၀၁၇) ရရှိထား၍ အသင်းဝင် (၅၁)ဦး၊ ရေယာဉ် (၁၂၅)စီးဖြင့် ဖွဲ့စည်းထားရှိကြောင်း သိရသည်။

 

တင်ဇာလှိုင် (ပြန်/ဆက်)